ချစ်သူ(၃)ယောက်
ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေဟာ မိန်းကလေးအားလုံးကိုရော ယောက်ျားလေး အားလုံးကိုပါ ကိုယ်စားမပြုကြောင်း ပြောချင်ပါတယ်။ ဇာတ်လမ်းထဲက လူ(၄)ယောက်ရဲ့ အကြောင်းအနေနဲ့ပဲ ဖတ်ကြည့်ပေးပါနော်။ (တော်ကြာ ဒီအပျိုကြီး ယောက်ျားလေးတွေအပေါ် အဆိုးမြင်လိုက်တာ ဖြစ်မှာစိုးလို့ပါး)) ပြီးတော့ ဒီဇာတ်လမ်းထဲမှာ အတုယူချင်စရာ Character တစ်ခုမှာ မပါကြောင်းကိုလည်း ကြိုတင်ပြီးဝန်ခံထားချင်ပါတယ်။ ရသတစ်ခုအနေနဲ့ပဲ ရေးလိုက်တာပါ။ အားလုံး ချစ်သူ(၁)ယောက်ထဲကိုပဲ သစ္စာရှိရှိ မြတ်နိုးနိုင်ကြပါစေ။ ဖတ်ရှုဝေဖန် ပေးကြပါဦးရှင်...း)
ကျွန်တော့မှာ ချစ်သူ(၃)ယောက်ရှိတယ်ဗျ။ ဟားဟား တော်တော်ရှုပ်တဲ့ကောင်လို့ ပြောမလို့ မှတ်လား။ ရှုပ်တော့ မရှုပ်ချင်ပါဘူးဗျာ။ ဒါပေမယ့် ခံစားချက်ကရှိလာသလို ကံအကြောင်းတရားကလည်းဖန်လာတော့ အဲဒီလိုဖြစ်သွားတာပဲဗျာ။ ကျွန်တော့ ကုသိုလ်ပေါ့ ဟဲဟဲ။ တချို့တွေက “မိုးယံက သိပ်ရှုပ်တယ်” လို့ ကွယ်ရာမှာ ပြောကြတယ်။ တချို့သူငယ်ချင်းတွေကတော့ “မိုးယံက တော်တော်စွံတဲ့ကောင်ကွာ။ အားကျလိုက်တာ” လို့ ပြောကြတယ်။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်ကတော့ ကိုယ်စိတ်ချမ်းသာသလိုပဲ နေလိုက်တာပဲ။ ပြီးတော့ ကျွန်တော့ အသည်းကနုနုလေးဗျ။ သနားစရာ ကြင်နာစရာ သံယောဇဉ်တွယ်စရာဆို မျက်နှာမလွှဲရက်လို့ပါ။ ကျွန်တော့ ကောင်မလေးတွေလား... ဒီအကြောင်းကို ဘယ်သိပါ့မလဲ။ သိလို့လည်း ဘယ်ဖြစ်မလဲ။ (၃)ယောက်ကို အမျိုးမျိုးလှည့်စားပြီး ဖုံးကွယ်ထားတာ မဟုတ်ရပါဘူးဗျာ။ သူတို့က သူတို့အပြင် တခြားတစ်ယောက် ရှိသေးလားလို့ မေးကို မမေးတာ။ မမေးတော့ ကျွန်တော်လည်း မပြောဘူးပေါ့ဗျာ။ ကျွန်တော် မလွန်ပါဘူးနော်။ ကျွန်တော့ကောင်မလေးတွေ အကြောင်းလား။ ပြောပြမှာပေါ့ဗျာ...
ပထမဆုံး ပြောပြမယ့်သူလေးက “ချိုငယ်” တဲ့။ ကလေးလေးဗျ။ ကျွန်တော့ထက် အများကြီးငယ်တယ်။ ကျွန်တော့ကို ချစ်တဲ့နေရာမှာတော့ ကျန်တဲ့(၂)ယောက်က သူ့ကိုလိုက်လို့ကို မမှီဘူး။ “Babe” လို့ခေါ်လိုက်တာနဲ့ သူ့မှာ ပြာနေတော့တာပဲ။ ကျွန်တော့အတွက်ဆို ဘာမဆို အဆင်သင့်။ ညဘက်ဖုန်းဆက်ပြီး စိတ်ညစ်တဲ့အကြောင်းတွေ မိုးလင်းပေါက် ပြောမလား... နားထောင်ပေးတယ်။ ကျွန်တော်စိတ်တိုလို့ အော်မိငေါက်မိရင်လည်း မျက်နှာငယ်လေးနဲ့ ငုံ့ခံနေတာပဲ။ တကယ် ချစ်ဖို့လည်းကောင်း သနားဖို့လည်းကောင်းတဲ့ ကလေးလေး။ ချစ်စရာကောင်းတဲ့ စကားလေးတွေပဲ ပြောတတ်ပြီး အမြဲလိုလို ချွဲနွဲ့နေတတ်တဲ့ သူနဲ့ရှိနေတိုင်း ဘ၀အမောတွေ သောကတွေ ငြိမ်းနေတတ်လို့ အခုချိန်မှာ သူ့ကို ကျွန်တော် ဘယ်လိုနည်းနဲ့မှ မစွန့်လွှတ်နိုင်သေးဘူးဗျာ...
နောက်တစ်ယောက်ကတော့ သူငယ်ချင်းချစ်သူလေးပေါ့။ “စိမ်းနွယ်”တဲ့။ သူနဲ့က ငယ်ငယ်လေးကတည်းက သူငယ်ချင်း။ အမြဲတတွဲတွဲနေရာက ဘယ်လိုကနေ ချစ်သူဖြစ်သွားမှန်းတောင် မမှတ်မိလိုက်ပါဘူး။ သူကျွန်တော့ကို ချစ်နေတာလည်း သိနေတော့လေ။ သူနဲ့ကတော့ ချစ်တယ်ဆိုတာထက် သူငယ်ချင်းသံယောဇဉ်က ပိုပါတယ်။ ဒါကြောင့်လည်း လွယ်လွယ်နဲ့ မခွဲနိုင်တာ။ သူ့ကို တကယ်စိတ်မဆင်းရဲ စေချင်ဘူးဗျာ။ “စိမ်းနွယ်”က “ချိုငယ့်”လိုသာ ရင်ထဲက အချစ်ကို သိပ်မပြတတ်တာ ကျွန်တော့အပေါ် သူငယ်ချင်းတစ်ယောက်လိုရော ချစ်သူတစ်ယောက်လိုပါ တာဝန်ကျေရှာတယ်။ ထက်လဲသိပ်ထက်တယ်။ သူနဲ့ကျွန်တော် ကျောင်းမှာအတူတူတွဲလုပ်တဲ့ (ကျွန်တော်ကျွမ်းကျင်ပြီးသား) Project တွေဆို သူတစ်ယောက်ထဲပဲ လုပ်သွားတာ။ ကျွန်တော်တခြား ဘာသာတွေမှာ အာရုံစိုက်နိုင်အောင်တဲ့။ ကျွန်တော် အရင်ကထက် စာပိုတော်လာတာလည်း “စိမ်းနွယ်”ရဲ့ ကျေးဇူးတွေ အများကြီးပါတယ်ဗျ။ ခက်တယ်ဗျာ။ “စိမ်းနွယ်”ကိုလည်း အခုထိ မခွဲနိုင်သေးဘူး...
နောက်ဆုံးတစ်ယောက်... နောက်ဆုံးတစ်ယောက်ကတော့ သူ့အကြောင်း တွေးရင်းတောင် ရင်တွေခုန်လာတယ်။ “မြ” ဆိုတဲ့ သိပ်လှတဲ့ ကောင်မလေး တစ်ယောက်ပေါ့ဗျာ။ တကယ်ပါ။ ကျွန်တော့တသက် မြင်ဖူးသမျှ မိန်းကလေးတွေထဲမှာ “မြ”လောက်လှတာ တစ်ယောက်မှ မရှိဘူး။ နောင်လည်း ရှိလာမယ် မထင်ဘူး။ “ဆံစကနေ ခြေဖျားအထိ အပြစ်ကင်းလွန်းတဲ့ မိန်းကလေးရယ်” ဆိုတဲ့ သီချင်းစာသားက “မြ” တစ်ယောက်ထဲအတွက် ရေးထားတာဆိုရင်တောင် ကျွန်တော်ယုံမိမှာပဲ။ “မြ”ကိုစတွေ့တုန်းက အရာအားလုံးကို ကျွန်တော် မေ့သွားတယ်ဆိုတာ မှတ်မိနေသေးတယ်။ “မြ”ကို ချစ်သူဖြစ်ခွင့်ရတဲ့နေ့ကဆို ကျွန်တော်လေ... ပျော်လိုက်တာမှ မိုးမမြင်လေမမြင်... အိပ်မက်လို့တောင် ထင်ခဲ့မိတယ်။ “မြ”မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ရင် သူလိုချင်တာမှန်သမျှ ကျွန်တော်လုပ်မပေးနိုင်တာ မရှိစေရဘူး။ သူ့အတွက်ဆို ဘာမဆိုစွန့်လွှတ်နိုင်တယ်။ ဟုတ်ပါတယ်ဗျာ။ ကျွန်တော် ၀န်ခံပါတယ်။ “မြ”နဲ့မှ ကျွန်တော်တကယ် ချစ်တတ်ခဲ့တာပါ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်ပြည့်စုံတဲ့တစ်နေ့ အိမ်ထောင်ပြုခဲ့ရင်လည်း “မြ”ကိုပဲ လက်ထပ်ဖို့ ဆုံးဖြတ်ပြီးသားပါ။ ကျန်တဲ့(၂)ယောက်ကို စွန့်လွှတ်ဖို့အတွေးမျိုး ကျွန်တော်တွေးခဲ့ဖူးပေမယ့် “မြ”နဲ့ပတ်သက်ရင်တော့ အဲဒီလိုအတွေးမျိုး ယောင်လို့တောင် မတွေးရဲဘူး။
ကျွန်တော့ကို တော်တော် အတ္တကြီးတဲ့ကောင်လို့ ပြောရင်လည်း ခံရမှာပဲဗျာ။ “ချိုငယ်”နဲ့“စိမ်းနွယ်” အပေါ် မတရားရာရောက်ပေမယ့် ကျွန်တော်“မြ”ကိုပဲ ရွေးပါရစေ။ ကျွန်တော်က “မြ”ကိုပဲ ချစ်တာလေ...
ချိုငယ်
ငယ့်မှာ မိသားစု(၃)ယောက်ရှိတယ်။ ဖေဖေရယ် မေမေရယ် ကိုကိုရယ်ပေါ့။ ဟုတ်... ငယ်က တစ်ဦးတည်းသော သမီးပါ။ ကိုကိုဆိုတာ ငယ့်ရဲ့ချစ်သူကိုပြောတာ။ ဖေဖေနဲ့မေမေကလွဲရင် ငယ့်ဘ၀မှာ အတွယ်တာရဆုံးသူမို့လို့ ပြီးတော့ တစ်နေ့မှာ ငယ်တို့ မိသားစုဘ၀ထဲကို ၀င်လာတော့မယ့်သူမို့လို့ ကိုကို့ကိုပါ ထည့်ပြောလိုက်တာပါ။ အဲဒီလိုမျိုးတွေကြောင့်လားတော့ မသိဘူး... သူငယ်ချင်းတွေကပြောတယ် “ငယ်... နင်ဒါနဲ့ပဲ ရူးလိမ့်မယ်”တဲ့။ ကိုကိုနဲ့ ပတ်သက်ရင် ငယ်သိပ်ရူးတာ ၀န်ခံပါတယ်။ တခါတလေ ကိုကိုငယ့်ကို နိုင်စားတာလဲ သိသားပဲ။ ဒါပေမယ့် ငယ်က အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ယုံကြည်တယ်လေ။ ပြီးတော့ ကိုကိုငယ့်ကို တကယ်ချစ်တာလည်း ငယ်ယုံတယ်။ ကိုကို့မျက်လုံးတွေထဲမှာ တွေ့နေရတာပဲ။ သူငယ်ချင်းတွေကပြောတယ် ကိုကို့ကို တခြားကောင်မလေးတွေနဲ့ အပြင်မှာ တွေ့တယ်တဲ့။ ငယ်မေးတော့ မေးကြည့်ချင်တယ်။ ကိုကို စိတ်ဆိုးမှာလည်း ကြောက်တယ်။ အို ဘာပဲဖြစ်ဖြစ် အဲဒါသူ့သူငယ်ချင်းတွေပဲ နေမှာပါ။ ဟိုနေ့ကတောင် “စိမ်းနွယ်”ဆိုတဲ့ အစ်မကြီး ဓာတ်ပုံကို ကိုကို့ computer ထဲမှာတွေ့တော့ စိတ်ပူသွားသေးတယ်။ နောက် သူတို့ကျောင်းက Group Photo မြင်မှ စိတ်အေးသွားတယ်။ အဲဒါမျိုး သူငယ်ချင်းတွေပဲ ဖြစ်မှာပေါ့။ ကိုကို ခေါင်းရှုပ်မှာ စိုးလို့ မမေးတော့ပါဘူး။ ကိုကို စိတ်ညစ်ရင် ငယ့်ဆီပဲ အမြဲဖုန်းဆက်တာ။ ငယ့်ကိုပဲ ရင်ဖွင့်တာ။ တခါတလေ တစ်ညလုံးတောင် ထိုင်ပြောနေရော။ သူ့မှာ တခြားကောင်မလေးတွေရှိရင် ငယ့်ကို ဘယ်လိုလုပ်ပြီး ဒီလိုအချိန်ပေးနိုင်မှာလဲနော်။ ငယ်ကြားစကားတွေ မယုံပါဘူး။ ကိုကို့ကို ချစ်တာပဲသိတယ်...
စိမ်းနွယ်
ကျွန်မဘ၀မှာ အတွယ်တာဆုံး သက်ရှိ (၃)ယောက်ရှိပါတယ်။ ကျွန်မကို ငယ်ငယ်တည်းက စောင့်ရှောက်လာတဲ့ ကြီးကြီးရယ်၊ ကျွန်မအချစ်ဆုံးခွေးလေး ပူစူးရယ်၊ မောင်ရယ်ပေါ့။ အင်း... မိုးယံကို “မောင်”လို့ ကျွန်မစိတ်ထဲမှာပဲ ခေါ်ရဲတာပါ။ သူကခေါ်စေချင်ပေမယ့် နင်တွေငါတွေနဲ့ ပြောနေကျလူကို အဲဒီလိုမျိုးကြီးခေါ်ဖို့ ကျွန်မတကယ်ရှက်လို့ပါ။ မိုးယံက မကျေနပ်ပေမယ့် ကျွန်မရှက်မှန်းသိလို့ ဘာမှထပ်မပြောတော့ပါဘူး။ အကြောင်းသိတဲ့ သူငယ်ချင်းတွေက ပြောကြတယ်။ “နင် အဲဒီလို အေးတိအေးစက် နေနေရင် မိုးယံသူများနဲ့ ပါသွားလိမ့်မယ်”တဲ့။ သူတို့ပြောသလို တကယ်ကိုပါသွားပြီဆိုတာ ကျွန်မရိပ်မိပါတယ်။ မိုးယံမျက်နှာကို အရိပ်လို ကြည့်နေတဲ့ကျွန်မ သူ့ခြေလှမ်းတွေပျက်နေတာ သိတာပေါ့။ မေးပြန်ရင်လည်း သူစိတ်ညစ်ရသလို ကျွန်မလည်း နာကျင်ရဦးမှာမို့လို့ မသိချင်ယောင်လေးပဲ ဆောင်နေလိုက်ပါတယ်။ နှစ်ပေါင်းများစွာ နှောင်တွယ်ခဲ့တဲ့ သူငယ်ချင်းသံယောဇဉ်လေး အားကိုးနဲ့ ငါ့ကို ပြစ်မသွားလောက်ပါဘူးလေလို့ ကိုယ့်ကိုကိုယ် ဘယ်လိုပဲ အားပေးပေမယ့် တစ်နေ့မှာ သူကျွန်မကို ထားသွားတော့မယ်ဆိုတာ သိနေသလိုလိုပါပဲ။ ထားခဲ့ပါမိုးယံရယ်...။ ငါတိတ်တိတ်လေးပဲ ကျန်နေခဲ့မှာပါ။ အဲဒီ ခွဲခွာချိန်မှာတောင် ငါ့အချစ်တွေကို နင်မြင်နိုင်စွမ်းရှိအောင် မပြနိုင်ခဲ့တဲ့ ငါ့ရဲ့အားနည်းချက်အတွက် မျက်ရည်မကျမိ အောင်တော့ အခုထဲက ငါ့လေ့ကျင့်ထားပြီးသားပါ။ နင်ပျော်နေရင် ငါအရာအားလုံးကို နားလည်ကျေနပ်တယ်... မောင်...
မြ
ကျွန်မဘ၀မှာ ကျွန်မနာမည်ထက် ပိုပြီးကြားရတဲ့ စကားတစ်ခွန်းရှိတယ်။ “သိပ်လှတာပဲ”တဲ့။ အလှကြိုက်တဲ့ ကျွန်မကလည်း အဲဒီစကားကို ကျွန်မနံမည်ထက်တောင် ပိုမက်မောတယ်ရှင့်။ “မိန်းမတို့ရဲ့ဥစ္စာဟာအဆင်း” ဆိုတာကို ကျွန်မက အတိအကျ လက်ခံထားတာလေ။ ပြီးတော့ လူတွေဟာ ရုပ်ချောတဲ့လူဆိုရင် တော်ရုံပြစ်ချက်တွေကိုတောင် မြင်ကြတော့တာမှ မဟုတ်တာ။ မနေ့ကတောင် ကျွန်မချစ်သူမိုးယံက “မြ ကိုသာ ထိုင်ကြည့်နေရမယ်ဆိုရင် မောင် လေမရှုဘဲနဲ့တောင် အသက်ဆက်ရှင်နိုင်မယ် ထင်တယ်” လို့ တဖွဲ့တနွဲ့ ပြောနေသေးတယ်။ ဟားဟား သိပ်ပိုတဲ့မိုးယံ။ ပြောသာပြောရတာ ယောက်ျားလေးပေါင်းများစွာရဲ့ ချည်းကပ်ခြင်းကို ခံရဖူးတဲ့ကျွန်မ... မိုးယံကျွန်မကို ချစ်တာကိုတော့ တကယ်ယုံပါတယ်။ ဘယ်လောက်အထိ လေးနက်လဲဆိုတာကိုသာ မခန့်မှန်းဖြစ်တာ။ ကျွန်မအလှကို အမြတ်တနိုးငေးကြည့်တတ်တဲ့ သူ့မျက်လုံးတွေကို ကျွန်မသိပ်သဘောကျတာပဲ။ အဲဒီမျက်လုံးတွေကြောင့်ပဲ ကျွန်မသူ့ကို ချစ်သူအဖြစ်လက်ခံခဲ့မိတာ ထင်ပါရဲ့။ ပြီးတော့ ယောက်ျားပီသတဲ့ သူ့မျက်နှာချောချောလေးကြောင့်လည်း ပါတာပေါ့လေ။ ဒီလောက် အပြောကောင်းပြီး ရုပ်ချောတဲ့ ကောင်လေးမှာ ကျွန်မအရင် ချစ်သူမရှိဖူးတာတော့ မဖြစ်နိုင်ပါဘူး။ ရှိမှာပါပဲ။ ကျွန်မကို အချစ်ရိပ်တွေနဲ့ ငေးကြည့်နေတတ်တဲ့ သူ့မျက်လုံးတွေထဲမှာ တခါတလေလျှို့ဝှက်ချက် တစ်ချို့ကို ကျွန်မ တွေ့ရသလိုပဲ။ ထားပါတော့လေ။ သူ ကျွန်မကို အပျော်သဘောထားတယ် ဆိုရင်လည်း ကိစ္စမရှိပါဘူး။ ကျွန်မလည်း သူ့ကိုရာသက်ပန်တွေ ထာဝရတွေနဲ့ ရည်ရွယ်ထားတာမှ မဟုတ်ပဲ။ ကျွန်မက အိမ်ထောင်ပြုဖို့ စဉ်းစားရင်လည်း အချစ်ဆိုတာကို သိပ်ထည့်စဉ်းစားနေမယ့်သူမျိုးမှ မဟုတ်တာ။ သူနဲ့အတူရှိနေရတာ ပျော်လို့ ပျော်နေသေးသရွေ့တော့ စိတ်ချမ်းသာအောင် နေလိုက်ဦးမယ်လေ။ ကျွန်မအလှကို ကျွန်မယုံတာကြောင့် သူကျွန်မကို ဘယ်တော့ဖြတ်သွားမှာလဲ ဆိုတာကိုတော့ မမှန်းတတ်သေးဘူး။ အင်း... လိုအပ်ရင်တော့ ကျွန်မကပဲ.... ကဲ ကဲ ထားလိုက်ပါတော့လေ။ ကျွန်မ Beauty Salon မှာ ဆံပင်ပေါင်းသွားတင်ဖို့ အချိန်တောင်ရောက်ပြီပဲ။ အဲဒါကြောင့် ကျွန်မက ချစ်သူနဲ့တွေ့ဖို့ထက် Beauty Salon ကိုသွားဖို့ ပိုအလေးထားတယ်လို့ ကျွန်မချစ်သူတွေက ပြောတတ်ကြတာ။ ရှင်... ဟုတ်တယ်... ကျွန်မချစ်သူတွေလေ... သြော်... ပြောဖို့မေ့သွားလို့... ကျွန်မမှာ ချစ်သူ(၃)ယောက်ရှိတယ်ရှင့်...
ရွှေပြည်သူ
(၂၉.၀၅.၂၀၀၈ ~ မနက် ၂း၃၀ နာရီ)






