သူမကို
အခုတလော အလုပ်အသစ်မှာ နေသားကျအောင် ကြိုးစားရတာကြောင့်ရော စာရေးလို့ မထွက်တာကြောင့်ပါ အသစ်မတင်နိုင်တာ အရမ်းကြာသွားပါတယ်... အသစ်မတင်နိုင်တဲ့ အချိန်တွေမှာတောင် အမြဲလာဖတ်ပေးသူတွေ၊ Cbox မှာ ဂရုတစိုက်သတိတရ လာမေးကြသူတွေကို အားနာကျေးဇူးတင်လို့ မဆုံးပါဘူး။ ဒီနေ့တော့ မရရအောင် တင်မယ်ဆိုပြီး အရင်က BaganNET Website ရဲ့ ကဗျာကဏ္ဍမှာ တခြားကလောင်နာမည်နဲ့ တင်ခဲ့ဖူးတဲ့ ကဗျာဟောင်းလေးတစ်ပုဒ်ကို တင်လိုက်ပါတယ်။ ဖတ်ပေးကြပါဦးနော်...
သူမကို
ကိုယ့်ကိုမြင်ရင် အေးစက်နေတတ်တဲ့ သူ့မျက်ဝန်းနက်တွေက
သူမကိုကြည့်ရင် ရွှန်းလဲ့ပြီး တဖြတ်ဖြတ်လက်လို့...
ကိုယ်နဲ့ကျရင် ခပ်တင်းတင်းစေ့ပိတ်ထားတဲ့ သူ့နှုတ်ခမ်းတွေက
သူမနဲ့တွေ့ရင် အပြုံးပန်းတွေနဲ့ လန်းဆန်းလို့...
ကိုယ်ရေးထားတဲ့စာလေးတွေကို ငဲ့လို့တောင် ဖတ်မကြည့်တဲ့သူက
သူမအတွက်တော့ ကဗျာလေးတွေတောင် ကိုယ်တိုင်စပ်လို့...
ကိုယ့်အတွက် ဘယ်တုန်းကမှ မဟုတ်ခဲ့တဲ့ သူ့အချိန်တွေလည်း
သူမအတွက် အကြိမ်ကြိမ်ကုန်ဆုံးလို့...
ကိုယ့်ကို ဥပက္ခာပြုနေကျ သူ့နှလုံးသားလေးကလည်း
သူမအတွက် တသက်တာစာ ရပ်တည်ရှင်သန်လို့...
သြော်... သူရယ်
ခံနိုင်ရည် မရှိတဲ့အဆုံးမှာ
ကိုယ် မချိပြုံးလေးနဲ့ ခပ်တိုးတိုးညည်းမိတယ်
“သူမကို အားကျလိုက်တာဟယ်...”လို့။
ရွှေပြည်သူ
မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို ArtsCounsel Website ကကူးယူထားတာပါ။ ရေးဆွဲသူက J. David McKenny ဖြစ်ပါတယ်။


အကိုလည်း သူမကို အားကျတယ် ညီမရေ ကဗျာလေးက heart ကိုထိတယ်နော် အရမ်းကောင်းတဲ့ ကဗျာလေးပါဘဲ
ReplyDeleteအားကျလိုက်တာ အစ်မရယ်... အဟတ်ဟတ်...
ReplyDeleteဖြစ်ရပ်မှန်ရင်တွင်းဖြစ်လေးလား သူ ကို့ လည်း မကြိုက်ဘူး သူမကိုလည်း အားမကျဘူး ကိုယ့်အတွက်လို့ သုံးထားတဲ့ အထီးကျန်မလေးကို သနားတယ်။
ReplyDeleteခံစား၊ နားလည်ပေးသွားပါတယ်။
ReplyDeleteကဗျားလေးကောင်းတယ် ညီမရွှေပြည်သူရေ..
ReplyDeleteအစ်မ လည်း သူမကိုအားကျသွားပြီ။ :D
ပျော်ပါစေ ညီမရေ...
ကိုယ်မသိပေမယ့် ကိုယ့်ကို အားကျတဲ့ သူမတွေလည်း
ReplyDeleteဒီမြေကမ္ဘာမှာ ရှိဦးမှာပါ ညီမရေ။ ကဗျာကောင်းလေးကို အားပေးတယ်ဗျာ။
အင်း ... မောင်မျိုးနဲ့တော့ စိတ်ချင်းတူနေပြီ။ ကိုရုပ်ဆိုးကတော့ အလွမ်းဓာတ်ခံ ရှိလို့လားမသိဘူး လွမ်းနေရတဲ့လူကို ပိုသနားတယ်။
ReplyDeleteမရွှေပြည်သူ၏ ရင်းတွင်းဖြစ်လို့ ပြောလို့ရမယ်ထင်တယ် နော်အမ။
ReplyDeleteသူ့ ကုသိုလ်နဲ့ သူလို့ဘဲ သဘောထားလိုက်ပါညီမရယ် ....။
ReplyDeleteနှလုံသား ရင်တွေ သိမ့်သိမ့်ခုန်လဲ
ဖုန်မှုန့် တစ်စက်တောင် သူပေါ်မတင်
သူ့ အရင် ကိုယ်ရောက်ခဲ့ပေမဲ့
သူ့နောက် မှာ ကိုယ်ရှိခဲ့မှန်း
တကယ်တမ်း စိတ်ကမထင်
သူ တကယ် အရေးမပေးကာမှ
တွေးဆကာ ငိုလို့ ဆွေးရတယ်
နောက်ကျသူ အလွမ်း......။
လို့ ဘဲ ပြောပါရစေတော့...လေ...။
ဝေလေးလဲ သူမကိုအားကျတယ်မမရေ..
ReplyDeleteကဗျာလေးကောင်းတယ်
အဲလိုလဲ ဖြစ်တတ်ပါရဲ့ 
ReplyDeleteကိုယ် ဖြစ်ချင်တာ မှ ဖြစ်ခွင့်မရတဲ့ လောကကြီး
ကိုယ် မဖြစ်ချင်ပေ မဲ့လည်း ဖြစ်လာရတဲ့  လောကကြီး
ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့တဲ့ မရွှေပြည်သူ :)
ကဗျာကောင်း လေးအတွက်ကျေးဇူးပါ။