Sunday, July 27, 2008

နောက်ဆုံးအချိန်မတိုင်မီ

စာတွေကျက်နေရလို့ အစ်မ Blog မှာပဲ တင်ပေးပါဆိုပြီး မောင်လေး သူရထွန်းပေးပို့လာတဲ့ စာရေးဆရာကြီး မြသန်းစံရဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ အလုပ်ကိစ္စတွေ ဖိစီးနေလို့ Blog မှာတောင် ပို့စ်အသစ်မတင်နိုင်လောက်အောင် ဖြစ်နေတဲ့ ကျွန်မကို အသိတရားတွေပေးတဲ့ ဆောင်းပါးလေးပါ။ အင်မတန်အဖိုးတန်လို့ အားလုံးကို မျှဝေလိုက်ပါတယ်။

နောက်ဆုံးအချိန်မတိုင်မီ (၁)

အခန်းကတော့ သီးသန့်အခန်းလေးပင်။ သို့သော် ထိုအခန်းထဲဝင်လိုက်သည်နှင့် အနံ့စိမ်းများက ဆီးကြိုနေလေသည်။ ဆေးရုံနံ့။ ဘယ်လောက်ပဲ သန့် ရှင်းရေးလုပ်လုပ် ဆေးရုံနံ့ဆိုသည့် ပင်ကိုယ်အနံ့က ပျောက်ပျက်မသွား။

ပိုးသတ်ဆေးပင် ဆေးအနံ့ မဟုတ်လား။ သည်အခန်းကျဉ်းလေးထဲရှိ သံကုတင်ပေါ်တွင် သူ့ကို ပက်လက်အနေအထားဖြင့် လှမ်းတွေ့လိုက်ရသည်။ အသက်ကို ကြိုးစားရှုနေရသော သူ၏ မှိန်ဖျော့ဖျော့ အဆင်းသဏ္ဍာန်ကိုလည်း ကျွန်တော်လှမ်းမြင် သတိထားမိပြန်သည်။

သူမျက်လုံးတွေ မှိတ်ထားသည်။ ပါးစပ်က တတွတ်တွတ်နှင့် သူဘာတွေ ရွတ်နေပါလိမ့်။ ကုတင်ဘေးမှ ဧည့်ကုလားထိုင်ကို ဆွဲယူရွေ့လိုက်သံကြားမှ သူမျက်စိဖွင့်ကြည့်သည်။ ဖြည်းဖြည်းကလေး မျက်လုံးဖွင့်လာပုံမှာ ရိပ်သာဝင်သည့် ယောဂီများ၏ လှုပ်ရှားမှုကဲ့သို့ ။

ကျွန်တော် သူ့မျက်လုံးထဲ လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးတွေသည် အင်အားမရှိတော့။ ၀ါကျင့်ကျင့် မှိုင်းတိုင်းတိုင်း။ သူ့မျက်လုံးပေါ်က အရိပ်တွေမှတဆင့် သူ့ စိတ်ထဲသို့  ကျွန်တော် မှန်းဆကြည့်မိသည်။ သူ့တွင် စိတ်ဓာတ်ခွန်အားတွေ လျော့ကျပျောက်ဆုံးနေပြီပဲ။

“သူငယ်ချင်း ငါ့ကို လာကြည့်တယ်နော်” ဆိုသော သူ့ အသံကလေးသည် တိုးဖျော့လွန်းလှသည်။ ကျွန်တော် သူ့ကို ဘယ်လိုအားပေးရပါ့မလဲ။ သူ့ကိုအားပေးမည့် စကားလုံးများကို ကျွန်တော် ကြိုးစားရှာဖွေနေရသည်။

နောက်ဆုံးအချိန်မတိုင်မီ (၂)

ကျွန်တော့် သူငယ်ချင်းသည် နောက်ဆုံးအခြေအနေသို့ ရောက်နေလေပြီ။ ဤသည်ကို သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများက သက်သေခံနေပေပြီ။ အဆုတ်ကင်ဆာ။ သူသည် သိပ်မကြာသော အချိန်တွင် ကျွန်တော်တို့ကို လက်ပြ နှုတ်ဆက်ကာ လောကကြီးထဲမှ ထွက်ခွာသွားပေတော့မည်။ သူသည် လောကကြီးထဲက ဘာကိုယူ၍ ထွက်သွားမည်နည်း။ ကျွန်တော်ကကော သူ့ကို ဘာတွေပေးလိုက်နိုင်မည်နည်း။

တောက်..တောက်...တောက် နှင့် တဖြတ်ဖြတ်လှုပ်ရှားနေသော သူ့ပုံရိပ်တွေကို ကျွန်တော် ပြန်မြင်ယောင်မိသည်။ ငယ်သွေးနုစို၍ တက်ကြွနေသော သူ့ပုံသဏ္ဍာန် တက်ကြွထက်မြက်သလောက် အလုပ်တွေ အများကြီးလုပ်ခဲ့သူ။ လုပ်နိုင်သလောက်လည်း သူများကို တစ်ဖက်သတ် ပြောဆိုရဲတဲ့သူ။ သူနှင့် မဆုံလိုက်နှင့် ဆုံလိုက်တိုင်း သူ့မှာအလုပ်နှင့် သူ့စိတ် အဆက်အသွယ်ပြတ်သွားသည်ဟူ၍ မရှိ။ အလုပ်လောဘကြီးသလောက်လည်း အစားအသောက်လည်း လောဘကြီးသည်။ တစ်နည်းအားဖြင့် အစားစည်းကမ်းမရှိ။ စိတ်လှုပ်ရှားလာလေတိုင်း အလုပ်ပိလာလေတိုင်း သူ့နှာခေါင်းနှင့် ပါးစပ်တို့ မှာ စီးကရက် မီးခိုးငွေ့ တထောင်းထောင်းနှင့်။

သူလှုပ်ရှားလုပ်ကိုင်နေရသော ပတ်ဝန်းကျင်နှင့် သူ့စိတ်သဟဇာတဖြစ်သည်လား...။ မဖြစ်သည်လား...၊ သူ့ကိုယ်သူ မသိ။ ကျွန်တော်က သူ့ကို လောဘမကြီးရန်နှင့် အလုပ်ကို သတိနှင့် လုပ်တတ်သည့်အကျင့် မွေးမြူရန် ပြောဆို သတိပေးသော်လည်း သူနားမ၀င်ခဲ့။

နောက်ဆုံးအချိန်မတိုင်မီ (၃)

“ငယ်တုန်း လုပ်နိုင်တုန်းရှာရတယ်ကွ၊ စံကြီးရ”

“လုပ်ပါ။ မလုပ်နဲ့လို့ မပြောပါဘူး။ ငါတို့လည်း လုပ်နေတာပါပဲကွာ။ ဒါပေမယ့် အလုပ်ကို ဇောနဲ့လုပ်တာနဲ့ သတိနဲ့လုပ်တာနဲ့  ရေရှည်မှာ ကွာတယ်ကွ”

“ဆိုစမ်းပါဦး၊ မင်းစကားက”

“လူ့ဘ၀ရောက်လာပြီးမှ အလုပ်ဆိုတာကတော့ မလွဲမသွေလုပ်ရမှာပေါ့။ ဒါပေမယ့် လောဘတကြီးဇောနဲ့ လုပ်ရင် ကိုယ့်ကိုယ်မှာ ထိခိုက်တတ်တယ်ကွ။ အင်ဂျင်ကောင်းတိုင်း ကားကို မောင်းနေရင် ကြာရင် ဒီအင်ဂျင် မြန်မြန်ကျသွားတော့မှာပေါ့။ သတိနဲ့  ချိန်ဆပြီးလုပ်ရင် ရေရှည်ခံတာကို ငါပြောတာပါ”

“မင်းကြားဖူးသလား၊ အခွင့်အရေးဆိုတာ တစ်ကြိမ်ပဲလာတတ်တယ်။ နှစ်ကြိမ်မလာဘူးဆိုတာလေ၊ အခု ငါ့မှာ အခွင့်အရေးရောက်နေတုန်း သူပြန်မထွက်သွားခင် ကမန်းကတန်းလုပ်ရမှာ။ အခွင့်အရေးထွက်သွားပြီးမှ အေးအေးဆေးဆေး နားတာပေါ့။ အခုလောလောဆယ် ငွေရဘို့  အရေးကြီးတယ်လေ။ လောကမှာ ငွေသာအဓိကကွ”

ကျွန်တော် မပြောသာတော့။ ထိုအချိန်က သူ့လုပ်ငန်းတွေ အောင်မြင်နေဆဲ အချိန်မို့လည်း ကျွန်တော် စကားနိုင်မလုရဲတော့။ ယခုတော့ သူသည် သူပြောသည့်အတိုင်း အေးအေးဆေးဆေးတော့ နားနေရပါသည်။ သို့သော် ဆေးရုံပေါ်မှာ။ သူ့ခမြာဘ၀ရဲ့ နောက်ဆုံးအခြေအနေတွေကို မသက်မသာရင်ဆိုင်ရင်းက...။

နောက်ဆုံးအချိန်မတိုင်မီ (၄)

“ငွေရဘို့အတွက် ကျန်းမာရေးအထိခိုက်ခံပြီး အလုပ်တွေ လုပ်တယ်ဆိုရင် အဲဒီရှာထားသမျှငွေ အထိအခိုက်ခံပြီးတော့ပဲ ကိုယ့်ကျန်းမာရေးကို ပြန်ကုရလိမ့်မယ်”

ဆရာတော်ဦးဇောတိက(ပျဉ်းမနား)၏ တရားစကားသံကို ကျွန်တော်ပြန်သတိရမိသည်။

“လူတွေဟာ သေခါးနီးကျမှ ကပ်ပြီး သံဝေဂရကြတယ်။ အချိန်နှောင်းသွားပြီ၊ မရတော့ဘူး။ ဒါကြောင့် သေခါနီးကျမှ ကပ်ပြီတော့ သံဝေဂမရကြပါနဲ့။ စောစောစီးစီး သံဝေဂရကြပါ။ စောစောစီးစီး ကြိုကြိုတင်တင် လုပ်သင့်တဲ့အလုပ်တွေကိုလုပ်ပါ။ လူ့ဘ၀ကိုရတာ အသိဥာဏ်ရဘို့ပါ။ ဘ၀ရဲ့ အနှစ်သာရဟာ အသိဥာဏ်ပါ။ အသိဥာဏ်ဆိုတာမှာ တရားအသိဥာဏ်က အဓိကပါ။ ဒီအသိဥာဏ်ကိုမှ မရလိုက်ရင် တစ်သက်လုံးရှာလာတာ သုံးလာတာ သေခါနီး ဘာကျန်သလဲ။ ဘာမှ အဖတ်မတင်ဘူးနော်။ တစ်ခုမှ ယူသွားလို့ မရဘူး။ သွားကြားထိုးတံ တစ်ချောင်းတောင် ယူသွားလို့ မရဘူး။ အဲဒါကြောင့် အခုအချိန်ရှိတုန်း အချိန်မဖြုန်းနဲ့ ၊ စားဝတ်နေရေးအတွက် လုပ်နေရင်း ကြားထဲမှာ ရသမျှအချိန်လေးနည်းနည်း ဖြစ်ဖြစ်ရအောင်ယူပြီး တရားအားထုတ်ပါ။ ဆယ်မိနစ်ရရင် ဆယ်မိနစ်အားထုတ်ပါ။ ငါးမိနစ် လေးဆယ့်ငါးကြိမ်ဆိုရင် နည်းတာ မဟုတ်ဘူး။ တရားအားထုတ်လာရင် တရားအားထုတ်ဖို့ အချိန်ကို ယူတတ်လာပါလိမ့်မယ်။ ဒီစကားကိုပြောတာ အကြိမ်များလာတော့ တချို့တပည့်တွေက လုပ်ကြည့်ပြီးတော့ ပြောလာတယ်…

နောက်ဆုံးအချိန်မတိုင်မီ (၅)

(TE) “တပည့်တော်တို့က အရင်တုန်းက တရားအားထုတ်ဖို့ အချိန်မရှိဘူးလို့ ထင်နေခဲ့တာ။ ယခုတော့ ရသလောက်အားထုတ်အကျင့်ကို လုပ်လိုက်တော့ အချိန်ရလာတယ်” တဲ့။ အရေးမကြီးတဲ့ ကိစ္စနဲ့ အပြင်ထွက်တာမျိုးမလုပ်တော့ဘူး။ အရေးမကြီးတဲ့ အပျင်းပြေဖတ်တဲ့စာတွေ မဖတ်တော့ဘူး။ အရေးမကြီးတဲ့
ရေဒီယိုနားထောင်တာ၊ တီဗွီကြည့်တာ၊ ဗီဒီယိုကြည့်တာ မလုပ်တော့ဘူး။ ဒါတွေ လျော့လိုက်တာနဲ့ပဲ တရားအားထုတ်ဖို့ အချိန် တစ်နေ့နှစ်နာရီ သုံးနာရီလောက် ရနေတယ်တဲ့။ ဒီကြားထဲမှာလည်း သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်း သတိကို ကပ်ထားပါတယ်တဲ့။ အဲဒီလို မရမက ရသလောက်ယူပါ။

We eat to live, we don’t live to eat.

အသက်ရှင်ဖို့ စားရတာပါ။ စားဖို့အတွက် အသက်ရှင်နေတာ မဟုတ်ပါဘူး။ စားဝတ်နေရေးက ခန္ဓာဝန်ထမ်းပါ။ မလုပ်မဖြစ်ဘူး။ လုပ်ရမယ်။ ဒါပေမယ့် လူ့ဘ၀ရတာဟာ အသိဥာဏ်ရဖို့ ပါ။ အဲဒီအသိဥာဏ်ရဖို့  ကြိုးစားကြပါ…”

ကျွန်တော့် နားထဲတွင် အကြိမ်ကြိမ်ကြားယောင်နေသော ဆရာတော်ဦးဇောတိက(ပျဉ်းမနား)၏ တရားစကားသံများကို သူငယ်ချင်းဖြစ်သူအား ကျွန်တော်ပြောပြချင်သည်။

သို့သော်...

ခဏကြာတော့ ဆရာဝန်တစ်ဦးနှင့် သူနာပြုဆရာမနှစ်ဦး အခန်းထဲဝင်လာသည်။ စမ်းသပ်သည်။ သူငယ်ချင်းဖြစ်သူလည်း အကြီးအကျယ် အမောဖောက်နေလေပြီ။ အလုပ်သမား နှစ်ဦး ၀င်လာသည်။ လူနာတင်တွန်းလှည်းပေါ်သို့  သူငယ်ချင်းဖြစ်သူကို ပွေ့တင်နေကြသည်။ ပြီးတော့ အခန်းထဲမှ ထွက်ခွာသွားကြသည်။ သူငယ်ချင်းဖြစ်သူသည် လူနာတင်တွန်းလှည်းပေါ်တွင် ပက်လက်အနေအထားဖြင့် ပါသွားပေပြီ။ ကျွန်တော်က အခန်းထဲတွင် ကျန်နေသေးသော သူနာပြု ဆရာမကို မေးကြည့်မိသည်။ သူခေါင်းခါပြသည်။ မရတော့ဘူးဆိုသည့်သဘော။ ပြီးတော့ သူငယ်ချင်း၏ လူနာမှတ်တမ်းကဒ်ပြားကို ယူကာ အခန်းထဲမှ ထွက်သွားတော့သည်။

ကျွန်တော်သည် သူငယ်ချင်း၏ နောက်ဆုံးအချိန်မှာ ဘာမျှပြောခွင့်မရလိုက်တော့။ ထိုထက်ဆိုးသည်ကား ခဏကြာလျှင် သူ့ဇနီး၊ သူ့သားသမီးတွေ ရောက်လာလိမ့်ဦးမည်။ သူအပန်းခံရှာခဲ့သော သူ့ဘ၀နှင့် ရင်းနှီးခဲ့ရသော ငွေတို့ဖြင့် ၀ယ်ယူထားသည့် နောက်ဆုံးပေါ် ကားသစ်ကြီးကိုစီးပြီး ဆေးရုံထဲဝင်လာမည့် သူ့သားသမီးများ၊ သူ့စိတ်ကို သူသိမသွားနိုင်သည့် အခြေအနေရောက်အောင် သူ့ဘ၀ သူ့အချိန်ကို ပေးဆပ်ရင်းမှ ရလာသောငွေဖြင့် ၀ယ်ယူကာ ခန္ဓာကိုယ်နေရာအနှံ့ ရတနာတွေ သီးညွှတ်နေအောင် ၀တ်ဆင်ထားသော သူ့ဇနီးသည် စသည်တို့နှင့် မျက်နှာချင်းဆိုင်တွေ့သည့်အခါ ကျွန်တော်ဘယ်လို စကားပြောရမလဲဆိုတာ စဉ်းစားနေရင်း...။

မြသန်းစံ

ကျွန်တော်ဖတ်ဖူးသော ဆောင်းပါလေးကို ဝေမျှလိုက်ပါတယ်။ (အဆိပ်ပင်သည်ပင် အသုံးချတတ်ပါက... ဆေးအဖြစ်အသုံးပြုနိုင်သည်ဟု မှတ်သားဖူးပါတယ်.... ထိုကြောင့်... အသုံးချတတ်သူများအတွက်တော့ လောကတွင် ဖြစ်ပေါ်နေသော ဖြစ်စဉ်တွေ ၊ဆောင်းပါးတွေ၊ သတင်းတွေဟာ…၊ ဘယ်အရာမဆိုပေါ့… စိတ်ခွန်အားအတွက်... ဆေးဖြစ်စေပါတယ်...)

သူရထွန်း

7 comments:

  1. နောက်ဆုံးအချိန်မရောက်ခင်ထိ နှောင်တမရနိုင်တဲ့လူမိုက်က ကျနော်ကိုယ်တိုင်ပါ

    ReplyDelete
  2. ဒီပို့စ်လေးက ဖတ်လိုက်ရတဲ့ သူတွေကို အသိတရားလေးတစ် ခုပေးနိုင်မယ်လို့ ထင်တယ်လေ။
    ကျနော်တို့ ကိုယ်တိုင်လည်းဒီလိုမဖြစ်အောင် ကြိုးစားရမယ်။
    ဒီပို့စ်လေးအတွက်အရမ်းကျေးဇူးတင်တယ်ဗျာ။

    ReplyDelete
  3. အင်း....နော်...
    တခုခုဘာမှ မလုပ်လိုက်ရပဲ ... ထွက်သွားခဲ့ရတဲ့လူတွေ... ထုနဲ့ထေးပါပဲ...
    အဲလို လောဘမဖက်ပဲ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်း ခွင့် ကို လူတိုင်းရနေကြရင် သိပ်ကောင်းမှာပဲ

    ReplyDelete
  4. သုခရိပ်July 28, 2008 at 11:55 PM

    ဟုတ်တယ်အမရေ ......

    တန်ဖိုးသိသောသူသည် တန်ဖိုးရှိသော လူ့ဘ၀ကို
    တန်ဖိုးထားတတ်ဖို့တော့လိုတယ်။

    မျှဝေပေးတဲ့အတွက် ကျေးဇူးပါပဲအမ။

    ReplyDelete
  5. ဟုတ်ပါတယ် ရွှေပြည်သူရေ။
    တကယ်တော့ တနေ့တနေ့ စားဝတ်နေရေး အတွက် ရုန်းကန် လှုပ်ရှားယင်းကနေပြီး တော့ ဘ၀အတွက် အသိဥာဏ် ရအောင် မလုပ်နိုင်သူတွေ အများကြီးပါ။
    ဒီဆောင်းပါးလေးက နေပြီးတော့ ဘ၀မှာ အရေး
    မကြီးတာ တွေ နဲ့ အချိန်မကုန်ပဲနဲ့ တတ်နိုင်သလောက်
    အချိန်ရသလောက် တရား ကိုကျင့်ကြံအားထုတ်နိုင်ဖို့ 
    ရည်ညွှန်း ပြောပြနေတာပါလား ဆိုတာ ဖတ်ပြီး ခံစားမိ
    တယ်။
    မျှဝေပေး တဲ့ အတွက် ကျေးဇူးတင်ပါ၏။

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)