Saturday, March 29, 2008

စိတ်ဖိစီးမှုတွေအတွက်

တနေ့မှာ ဆရာက “စိတ်ဖိစီးမှုကို ကိုင်တွယ်ထိန်းချုပ်ပုံ” အကြောင်း ရှင်းပြရင်းနဲ့ (လုပ်ငန်းခွင် ၀င်နေပြီဖြစ်တဲ့) ကျောင်းသားတွေကို ရေထည့်ထားတဲ့ ဖန်ခွက်တစ်ခွက် မြှောက်ပြပြီး မေးလိုက် ပါတယ်။ “ဒီခွက် ဘယ်လောက် လေးမယ်လို့ ထင်ကြလဲ?”

ကျောင်းသားတွေက ၂၀ ဂရမ် ကနေ ၅၀၀ ဂရမ်အထိ အဖြေအမျိုးမျိုး ပေးကြပါတယ်။ အဲဒီအခါ ဆရာက “တကယ့် အလေးချိန်က အရေးမကြီးပါဘူးကွာ။ မင်းတို့ ခွက်ကို ဘယ်လောက်ကြာကြာ ကိုင်ထားလဲ ဆိုတာပေါ်ပဲ မူတည်တယ်။ ဆရာ ဒီခွက်ကို တစ်မိနစ် ကိုင်ထားရင် ဘာပြဿနာမှ မရှိဘူး။ တစ်နာရီ ကိုင်ထားရင်တော့ လက်မောင်းနည်းနည်း နာလာလိမ့်မယ်။ အဲ... တစ်နေကုန်ကိုင်ထားမိရင်တော့ လူနာတင်ယာဉ်တောင် ခေါ်ရလိမ့်မယ်။ ကိုင်ထားတဲ့ အချိန်တိုင်းမှာ ခွက်ရဲ့အလေးချိန်က ဒီအလေးချိန်ပါပဲ။ ဒါပေမယ့် ကြာကြာ ကိုင်ထားလေ ပိုလေးလာလေပဲ...”

ဆရာက ဆက်ပြောပါတယ်... “စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ထိန်းချုပ်တာလည်း ဒီလိုမျိုးပါပဲ။ (စိတ်ဖိစီးမှုဖြစ်စေတဲ့) ၀န်ထုပ်ဝန်ပိုးတွေကို တချိန်လုံးသယ်ပိုးထားရင် (စိတ်ထဲမှာ ထည့်ထားရင်) အဲဒါတွေက အနှေးနဲ့အမြန်ပဲ ပိုပိုလေးလာပြီး ဆရာတို့တွေ တခြားဘာကိုမှ ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒါတွေကို ဒီရေခွက်လိုပဲ အောက်ကိုချပြီး နောက်တစ်ခေါက် ပြန်ကောက်မကိုင်ခင်မှာ ခဏအနားယူရမယ်။ အနားယူပြီး ပြန်လန်းဆန်းလာပြီဆိုမှ အဲဒီဝန်ထုပ်ဝန်ပိုးကို ပြန်ယူပြီး လုပ်စရာရှိတာ ဆက်လုပ်ကြရမှာပဲ။ ဒါကြောင့် ဒီညအိမ်ကို မပြန်ခင် အလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုဖိစီးနေတဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ချထားခဲ့ပါ။ အိမ်ကို သယ်မသွားပါနဲ့။ မနက်ဖြန်မှ အဲဒါတွေကို ပြန်ယူလို့ရတာပဲ။ အခုချိန် ကိုယ့်ကိုဖိစီးနေတဲ့ ဘယ်လိုဝန်ထုပ်ဝန်ပိုးပဲ ရှိသည်ဖြစ်စေ အဲဒါတွေကို ခဏလောက်တော့ ချထား(မေ့ထား)လိုက်ပါ။ ပြီးရင် အနားယူပါ။ အနားယူပြီးမှ ပြန်ယူလိုက်ပါ။ ဘ၀ဆိုတာ တိုတိုလေးပဲ။ ပျော်ပျော်နေကြပါ။”

လူတိုင်းလူတိုင်း အသက်အရွယ်အလိုက် တိုးတက်ဖို့ ကြိုးစားနေချိန်မှာ “စိတ်ဖိစီးမှု”ဆိုတာ မလွဲမသွေ ကြုံရမယ့် အရာတစ်ခုပါ။ ဥပမာ - ကျောင်းသားကလည်း စာမေးပွဲအောင်ဖို့ အမှတ်ကောင်းဖို့ စာမေးပွဲအတွက် ပြင်ဆင်ချိန်မှာ စိတ်ဖိစီးမှု ရှိမှာဖြစ်သလို၊ အလုပ်ခွင်ဝင်နေတဲ့သူကလည်း အလုပ်မှာ ရာထူးတက်ဖို့ လစာတိုးဖို့ ဗဟုသုတ အတွေ့အကြုံ ပိုပြီးကြွယ်ဝဖို့ ကြိုးစားရာမှာလည်း စိတ်ဖိစီးမှုတွေ ရှိမှာပါပဲ။ အရွယ်တိုင်း၊ ကြိုးစားနေတဲ့သူတိုင်း အတွက် စိတ်ဖိစီးမှုတွေများ ရှိနေရင် ခဏလောက်အနားယူဖို့ သတိပေးချင်လို့ ဒီနေရာက ဇာတ်လမ်းလေးကို ဘာသာပြန်ပြီး မျှဝေပေးလိုက်ပါတယ်။

တဆက်ထဲ နောက်ထပ် MyLifetime Website ကဖတ်မိတဲ့ စိတ်ဖိစီးမှုနဲ့ အမျိုးသမီးတွေရဲ့ကျန်းမာရေး ဆက်စပ်နေပုံလေးကိုလည်း ပြောချင်ပါသေးတယ်။ အမျိုးသမီးတွေအတွက် ဆိုပေမယ့်လည်း အမျိုးသားတွေ ဖတ်မိရင်လည်း ကိုယ့်အမေ၊ ကိုယ့်အစ်မတွေနှမတွေ နဲ့ ကိုယ့်ဇနီးကို လက်ဆင့်ကမ်းနိုင်မယ်လို့ ထင်ပါတယ်။

Website မှာရေးထားတာက Epidemiology ဂျာနယ် ရဲ့ သုတေသနပြုလုပ်မှုအသစ် တစ်ခုအရ အလုပ်မှာ စိတ်ဖိစီးမှုများတဲ့ အမျိုးသမီးတွေဟာ တခြားအမျိုးသမီးတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေပိုမြင့်တယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုများတဲ့ အလုပ်မျိုးကို လုပ်နေတဲ့ အမျိုးသမီးတွေဟာ တခြားသက်တောင့်သက်သာရှိတဲ့ အလုပ်အကိုင်နဲ့ အမျိုးသမီးတွေထက် ရောဂါဖြစ်နိုင်ခြေ ၃၀% တောင် ပိုများပါတယ်။ ဒါပေမယ့် အံသြစရာ အချက်တစ်ချက်ကတော့ အချိန်ပိုင်း အလုပ်လုပ်တဲ့ အမျိုးသမီးတွေမှာတော့ သူတို့မှာ စိတ်ဖိစီးမှုတွေ ရှိနေသည့်တိုင် အချိန်ပြည့် စိတ်ဖိစီးမှုရှိတဲ့ အလုပ်ကိုလုပ်နေတဲ့ အမျိုးသမီးတွေလို ရောဂါဖြစ်နိုင်ခြေ မရှိပါဘူးတဲ့။

လေ့လာစုံစမ်းသူတွေကတော့ စိတ်ဖိစီးမှုဟာ ဘာလို့ကင်ဆာ ဖြစ်စေသလဲဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် သူတို့မှာ သီအိုရီ(၂)ခုတော့ ရှိပါတယ်။ တစ်ခုက စိတ်ဖိစီးမှုဟာ ကင်ဆာဖြစ်ပွားမှုကို မြင့်မားစေတယ်လို့ သံသယရှိတဲ့ Estrogen (အမျိုးသမီး ဟော်မုန်းတစ်မျိုး) ပမာဏကို မြင့်မားစေတာဖြစ်နိုင်ပြီး နောက်ဖြစ်နိုင်ချေ တစ်ခုကတော့ စိတ်ဖိစီးမှုတွေကြောင့် အမျိုးသမီးတွေ ကျန်းမာရေးနဲ့ ညီညွတ်အောင် မနေဖြစ်တာမျိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်တဲ့။ စိတ်ဖိစီးမှုတွေကြောင့် ဆေးလိပ်သောက်မိတာတွေ၊ အရက်သောက်မိတာတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်တာတွေဟာ ရောဂါဖြစ်နိုင်ခြေကို ပိုမြင့်မားစေပါတယ်တဲ့။

အမှန်တော့ စိတ်ဖိစီးမှုတာရှည်လာရင် အမျိုးသားတွေ အတွက်ရော အမျိုးသမီးတွေ အတွက်ပါ တနည်းနည်းနဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ကျန်းမာရေး မထိခိုက်သေးသည့်တိုင်အောင် စိတ်ဖိစီးမှုအမြဲရှိနေရင် စိတ်လွတ်လပ် ပေါ့ပါးစွာနဲ့ ဘ၀ကို ဖြတ်သန်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အားလုံးကို စိတ်ဖိစီးမှုဖြစ်လာတိုင်း ခဏအနားယူပြီး ကိုယ့်ကျန်းမာရေးကိုလည်း မထိခိုက်အောင် ဂရုစိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်မလည်း အဲဒီလို နေနိုင်အောင် ကြိုးစားနေဆဲပါ...း)

5 comments:

  1. သူငယ်ချင်းရေ..ဒီဆောင်းပါးလေးအတွက်ကျေး
    ဇူးတင်တယ်ကွာ။မေ့ မေမေမှာရင်သားကင်ဆာ ဖြစ်သွားရတာ..စိတ်ဖိစီးမှုနဲ.အများကြီးဆိုင်လိမ့်မယ်
    လို.၊အခုသေချာတွေးမိတယ်ဟာ။သူငယ်ချင်း
    တိုက်တွန်းသလိုကြိုးစားနားပေမဲ့..စိတ်တွေက
    တော့တောင်ပံတစ်စုံနဲ.ပျံဝဲနေတာပါပဲ။ကင်ဆာ
    ကိုသိပ်မုန်းတယ်။။။။

    ReplyDelete
  2. မေရေ... သူငယ်ချင်းရဲ့ မေမေအတွက် တကယ်စိတ်မကောင်းပါဘူး။ သူငယ်ချင်းရဲ့ခံစားချက်ကိုလည်း နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုတော့ စိတ်ဖိစီးမှုက အနိုင်မယူစေနဲ့ပေါ့နော်။ ကျန်းမာရေးလည်း ဂရုစိုက်ပါသူငယ်ချင်း။ ပျော်ရွှင်ပါစေ...

    ReplyDelete
  3. စိတ်ဖိစီးမှု ခဏခဏ ဖြစ်တတ်တယ်ဗျ ဒီပို့ စ်လေးက ကျနော့် အတွက်များလားလို့  ဟားဟား အရမ်းကြိုက်တယ် ဟုတ်တယ် အပြင်က စိတ်ဖိစီးမှုကို အပြင်မှာပဲ ထားခဲ့မယ် အမြဲစိတ်ထဲသွင်းထားရင် လေးလွန်းလို့ ကြာရင် ရူးသွားနိုင်တယ်။ ကျေးဇူး အစ်မ

    ReplyDelete
  4. မောင်လေး မောင်မျိုးရေ ပို့စ်ကို ကြိုက်တယ်ဆိုလို့ ကျေးဇူးတင် ၀မ်းသာပါတယ်။ ဟုတ်တယ် စိတ်ဖိစီးမှုဝင်လာရင် နားတဲ့အချိန်မှာ စိတ်ထဲကခဏလောက်တော့ ထုတ်ထားလိုက်ပေါ့ မောင်လေး။ အစ်မလည်း စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေတုန်းပါပဲ။

    ReplyDelete
  5. ကျွန်တော်ဆေးဆောင်းပါးတစ်ခုဖတ်ရတယ်။ ပြန်ရှာ နေပါတယ်။ မိန်းကလေးတွေ ရင်သားကင်ဆာ ဖြစ်နိုင် သလို အမျိုးသားတွေလည်းပဲ စိတ်ဖိစီးမှုကြောင့်နဲ့ ရင်သားကင်ဆာဖြစ်နိုင်တယ်လို့ ရေးထားပါတယ်။ ဖြစ်မယ်ဆိုရင် ကျွန်တော်များ ဖြစ်နေမလားပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကွန်ပျူတာရှေ့မှာထိုင်ပြီး လိပ်လို နှေးကွေးလွန်းတဲ့ ကွန်နက်ရှင်ကို ထိုင်စောင့်နေရတဲ့ စိတ်ဖိစီးမှု၊ လိပ်လိုမနှေးရင်လည်း ပြတ်တောင်းပြတ်တောင်းနဲ့ ဆီပုံးမှာ ပို့စ်စတင်းမရ၊ ကွန်မင့်ဖို့ဆို ဝေးရော။ အဲဒီလို လုပ်ချင်တာလုပ်လို့မရ တဲ့ စိတ်တိုင်းမကျမှု တွေများ လာတော့ စိတ်ဖိစီးမှုက ပိုများလာတယ်။ ဒီအတွက်ကြောင့် ကျွန်တော်လည်း ရင်သားကင်ဆာများ ဖြစ်လာမလားလို့ စိုးထိတ်နေမိ ပါတယ်။ ကင်ဆာ မဖြစ်သေးတောင် နှလုံးရောဂါတော့ ရနေလောက်ပြီ အစ်မရေ။ အဲဒီဆောင်းပါး ရှာတွေ့ရင် ပြောပါမယ်။

    ReplyDelete

စကားလုံးတိုင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)