မမျှတခြင်းများ
ကျွန်မ အသက်(၂၀) အရွယ်က ရေးခဲ့တဲ့ ကဗျာလေးပါ။ ၂၀၀၁/၂၀၀၂ ခုနှစ် ပတ်ဝန်းကျင်က BaganNET Website မှာ Purple ကလောင်အမည်နဲ့ တင်ခဲ့ဖူးပါတယ်...။
သူဟာ... ကျွန်မရဲ့ ကောင်းကင်ကြီး ဖြစ်ချင်ဖြစ်လိမ့်မယ်
ဒါပေမယ့်... ကျွန်မကတော့ သူ့ရဲ့တိမ်မျှင်တစ်စတောင် ဖြစ်ခွင့်မရပါဘူး
သူဟာ... ကျွန်မရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ပိုင်ချင်ပိုင်နေလိမ့်မယ်
ဒါပေမယ့်... ကျွန်မကတော့ သူ့ရဲ့အတိတ်မှာတောင် ရှိမနေခဲ့ပါဘူး
သူဟာ... ကျွန်မရဲ့ မရှိလို့မဖြစ်တဲ့ အရာတစ်ခု ဖြစ်ချင်ဖြစ်လိမ့်မယ်
ဒါပေမယ့်... ကျွန်မကတော့ သူ့ရဲ့ရှိနေတဲ့အရာတွေထဲက မလိုအပ်ဆုံးအရာပါပဲ
သူဟာ...ကျွန်မရဲ့ ဦးနှောက်ကိုတောင် လွှမ်းမိုးနိုင်စွမ်း ရှိချင်ရှိလိမ့်မယ်
ဒါပေမယ့်... ကျွန်မကတော့ သူ့ရဲ့နှလုံးသားထောင့်စွန်းလေးမှာတောင် ရှိမနေခဲ့ပါဘူး
သူ့ကို ကျွန်မ အရမ်းချစ်ချင် ချစ်ခဲ့လိမ့်မယ်
ဒါပေမယ့်... သူက ကျွန်မကို မုန်းဖို့တောင် သတိမရခဲ့ပါဘူး...
ရွှေပြည်သူ



