Sunday, January 1, 2012

Happy 2012, Everyone!!!



အားလုံးပဲ မင်္ဂလာရှိသော 2012 ပါရှင်…း)

အခုလို နှစ်သစ်ကူးပြီးခါစ ပူပူနွေးနွေး အချိန်လေးမှာ ညီမလေး Rose က Tag ခဲ့တဲ့ အောက်က မေးခွန်းလေးတွေကို အမှတ်တရ ရေးပြီး ဖြေလိုက်ပါတယ်း)

♦ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
ကျွန်မ ချစ်ခင်ရတဲ့သူတွေထဲက ဘယ်သူနဲ့မဆို အတူရှိနေချင်ပါတယ်။ အခု အတူရှိတဲ့သူကတော့ ကျွန်မရဲ့ အခန်းဖော်ဟောင်းလေး (အရင်က တခန်းထဲ၊ အခု တအိမ်ထဲမှာ တစ်ယောက်တစ်ခန်း နေကြလို့း) ပါ။ သူနဲ့ Countdown လုပ်မယ်လို့ ပြောထားကြပေမယ့် သူလာပြီး Happy New Year အော်မှ ကျော်သွားပြီမှန်း သိလိုက်ရပါတယ်း)

♦ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
ပုံမှန်က နှစ်ကူးသွားတဲ့ စက္ကန့်ပိုင်းလေးကို စိတ်ထဲမှာ Serious မထားတာကြောင့် Countdown လုပ်လေ့ မရှိပါဘူး (ဒီနှစ်တော့ အဖော်ကောင်းတာနဲ့ လုပ်မယ် ကြံစည်ထားပြီးကာမှ အပေါ်မှာ ရေးခဲ့သလို ပျက်သွားပြန်ပါတယ်း)) အမှတ်တရတွေထဲက ရယ်စရာလေးတစ်ခုကို ပြန်ပြောရရင် လွန်ခဲ့တဲ့ နှစ်တနှစ်တုန်းက Countdown လုပ်ဖို့ အပြင်ရောက်နေတဲ့ အခန်းဖော်လေးကို ၁၂ နာရီ ကျော်ခါစအချိန်မှာ ကျွန်မ ဖုန်းဆက်လိုက်ပါတယ်။ သူက New Year အတွက် Wish လုပ်ဖို့လို့ ထင်နေတုန်း (ဘယ်သူမဆို သေချာပေါက် ထင်မှာပါ) ကျွန်မပြောလိုက်တာက “ငါ နင့် ခေါက်ဆွဲခြောက်ထုပ် ယူစားလို့ရလားဟေ” လို့ပါ… သူ့ခမျာ တော်တော် ကြောင်သွားပါတယ်း)) ဗိုက်ဆာနေတဲ့ အစားပုတ် ရွှေပြည်သူ အဲဒီအချိန်မှာ ခေါက်ဆွဲထုပ်ကလွဲရင် ဘာမှ မသိ ဖြစ်သွားပုံပါ။ သူများတွေအတွက် ရယ်စရာကောင်းမကောင်း မသိပေမယ့် ကျွန်မအတွက်တော့ ခုပြန်တွေးမိတိုင်း ရယ်မိတဲ့ အဖြစ်အပျက်လေးပါ။

♦ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
နှစ်သစ်ကို အမြဲတမ်းလိုလို ကျွန်မရဲ့ အခန်းလေးထဲမှာပဲ ကုန်ဆုံးတတ်ပါတယ်။ အဲဒါကိုပဲ ကုန်ဆုံးစေချင်တဲ့ သီးသန့်နေရာလို့ ပြောလို့ရမယ် ထင်ပါတယ်။ အလည်အပတ် အစီအစဉ်တော့ မရှိပါဘူးရှင်း)

♦ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
အရိုးသားဆုံး ဝန်ခံရင် အရင်နှစ်တွေက ကိုယ့်ဘာသာ တိတ်တိတ်လေး လုပ်ခဲ့တဲ့ Resolution တွေ တော်တော်များများကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ကိုယ့်ဘာသာ ပြန်ဆန်းစစ်မိတော့ အများကြီးနဲ့ အကြီးကြီးတွေ လုပ်မိလို့ ဆိုတာ တွေ့ရပါတယ်။ အကြီးကြီးဆိုတာ ကိုယ်လုပ်နိုင်တဲ့ အဆင့်လေးတွေမျိုး မဟုတ်ဘဲ လောဘတကြီး မျှော်မှန်းမိတာ မျိုးတွေပါ။ အဲတော့ ကိုယ့် Resolution ကိုယ် ပြန်စဉ်းစားမိတိုင်း မလုပ်နိုင်တဲ့ အရာလို့သာ မြင်နေမိပြီး လက်တွေ့လုပ်ဖို့ တွန့်ဆုတ်ရွှေ့ဆိုင်း ခဲ့မိလို့ပါ။ ဒီနှစ်တော့ ကျွန်မရဲ့ New Year Resolution က တစ်ခုထဲပါ။ နေ့စဉ်နေ့တိုင်း ၅ မိနစ် ဖြစ်ဖြစ် ၁၀ မိနစ်ဖြစ်ဖြစ် ရသလောက်လေးကို နေရာရွေးမနေဘဲ တရားလေး မှတ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒီလောက် ရှုပ်ထွေးပြီး အပူပေါတဲ့ လောကကြီးမှာ တရားမှ မကယ်ရင် ဘယ်လိုနည်းနဲ့မှ ငြိမ်းချမ်းမှုကို ရတော့မှာ မဟုတ်ဘူးလို့ ယုံကြည်မိလို့ပါ။

♦ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
အဲဒီလိုတော့ မရှိမိပေမယ့် လာမယ့်နေ့ရက်တွေမှာ အကျိုးမဲ့သောအလုပ်တွေနဲ့ တတ်နိုင်သမျှ အချိန်မဖြုန်းမိဖို့တော့ ကိုယ့်ကိုယ်ကို သတိပေးမိပါတယ်။

♦ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်ကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
ပို့စ်ကဒ်တွေ E-Card တွေ တကူးတက ပို့ပြီးတော့ နှုတ်ဆက်တာမျိုးတော့ လုပ်လေ့မရှိပါဘူး။ မိသားစုရယ်၊ ရင်းနှီးတဲ့ သူငယ်ချင်း / လုပ်ဖော်ကိုင်ဘက် တွေရယ်ကို ဖုန်းဆက်ပြီး ဖြစ်ဖြစ် SMS ပို့ပြီး ဖြစ်ဖြစ် နှုတ်ခွန်းဆက်ပါတယ်။

♦ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....
ကျွန်မတသက် အခုချိန်ထိ ဖြတ်သန်းခဲ့ဖူးသမျှ နှစ်တွေထဲမှာ ၂၀၁၁ (ကျွန်မရဲ့ အသက် ၃၀ ကာလ) ဟာ (စိတ်ထဲမှာ) အမြန်ဆုံးလို့ ထင်မိပါတယ်။ အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့သလို ကောင်းသော မကောင်းသော အတွေ့အကြုံ သင်ခန်းစာတွေလည်း ခါတိုင်းနှစ်တွေထက် အများကြီး ပိုရခဲ့ပါတယ်။ သမင်လည်ပြန် ပြန်ကြည့်ပြီးတဲ့အခါ ကိုယ့်အလိုအတိုင်း ဖြစ်မလာတဲ့ ကိစ္စတွေထက် အပြန်ပြန်အလှန်လှန် နာကျင်နေတာမျိုးတွေ ဆက်ပြီး မလုပ်မိဖို့၊ ကိုယ့်အလိုအတိုင်း ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက်လည်း အလွန်အကျွံ သာယာပြီး တနေရာမှာ ရပ်တန့်နေတာမျိုးတွေ မလုပ်မိဖို့သာ ကိုယ့်ကိုယ်ကို ပြန်သတိပေးမိပါတယ်။

ကမ္ဘာပျက်မယ်လို့ ဟောကိန်းထုတ်ခြင်းခံရတဲ့ ၂၀၁၂ ကတော့ ဟိုအရင်က ဝေးသေးသလိုလိုနဲ့ မသိလိုက်ခင်မှာပဲ ဖြတ်ကနဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါပြီ။ ကမ္ဘာပျက်သည်ဖြစ်စေ မပျက်သည် ဖြစ်စေ သတ္တဝါတွေ ပီပီ ဘဝရဲ့ ဒုက္ခတွေ သုခတွေ အနည်းနဲ့အများ ဆက်ရင်ဆိုင်ကြုံတွေ့ ကြရဦးမှာတော့ မလွဲမသွေပါပဲ။ အဲဒါကြောင့် "၂၀၁၂ ရေ ကျွန်မတို့ အားလုံးကို အသာအယာလေး ထွေးပွေ့ကြိုဆိုပါ"လို့သာ ပြောလိုက်ချင်ပါတော့တယ်။

အားလုံး၂၀၁၂ တစ်နှစ်လုံး
လောကဓံကို ရင်ဆိုင်နိုင်သော ခွန်အားတွေနဲ့ စိတ်ငြိမ်းချမ်းစွာ ကိုယ်ကျန်းမာစွာ ဖြတ်သန်းနိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတယ်ရှင်…

(အမှတ်တရ Tag ခဲ့တဲ့ ညီမလေး Rose ကို ကျေးဇူးအထူးတင်ပါတယ်။ ဒီပို့စ်အတွက် ညီမလေး ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်း)

(ဆက်ဖတ်ချင်ရင်...း)

Saturday, December 24, 2011

Christmas မေးခွန်းများ

ညီမလေး Rose က “ခရစ်စမတ် ပိတ်ရက်မှာ ဘာလုပ်မယ်” ဆိုပြီး မေးခွန်းလေးတွေနဲ့ Tag လာတော့ မေးခွန်းလေးတွေကို ကိုယ့်ဘာသာ အရင် ဖြေကြည့်လိုက်ပါတယ်။ ဗုဒ္ဓဘာသာဝင်ပီပီ ခရစ်စမတ်ကို တခါမှ တခုတ်တရ Celebrate မလုပ်ဖူးတဲ့ ကျွန်မရဲ့ အဖြေတွေက အင်မတန်ရိုးစင်းပြီး ဖတ်ရတဲ့ သူတွေအတွက် ပျင်းစရာ ဖြစ်နေမယ် ထင်တာကြောင့် အောက်က ဇာတ်လမ်းလေးကိုပဲ ရေးလိုက်ပါတယ်နော်။ ညီမလေး Rose လည်း ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် (New Year အတွက် မေးခွန်းလေးတွေကိုတော့ နောက်ထပ် ပို့စ်တစ်ခုခွဲပြီး ထပ်ရေးပေးမယ်နော် ညီမလေးး)

Christmas မေးခွန်းများ

ဒီဆောင်းကိုက အအေးပို နေလေသလား... ဖြူ့စိတ်ထဲမှာတော့ ခါတိုင်းတွေထက် ပိုအေးနေသလိုပင်... အအေးပိုရတဲ့အထဲ မိုးကလဲ တဖြောက်ဖြောက်။ သက်ပြင်းဖွဖွ မှုတ်ထုတ်ပြီး ဘယ်ဘက်လက်နဲ့ အနွေးထည်ကို တင်းနေအောင် ဆွဲစေ့ရင်း ရှေ့ Computer Screen ပေါ်က မေးခွန်းလေး တချို့ကို ပြန်ဖတ်ဖြစ်သည်။ Facebook ထဲမှာ မိတ်ဆွေသူငယ်ချင်းတွေ Profile ကို လိုက်ဖတ်ရင်းကနေ အမှတ်မထင် တွေ့လိုက်ရတဲ့ Notes တစ်ခုထဲက မေးခွန်းလေးတွေ။ အားလုံးက ခရစ်စမတ်နဲ့ ပတ်သက်တော့ စိတ်ဝင်တစား ဖတ်နေမိသည်။ နောက် ဘာသာ သတိမထားမိဘဲ ရင်ထဲက ဖြေနေမိသလိုပင်… ခရစ်စမတ်ကို ထူးထူးခြားခြား Celebrate လုပ်ဖို့ စိတ်အားထက်သန်မှု မရှိဖူးပေမယ့် ခရစ်စမတ်ပေါင်းများစွာကို ဖြူတစ်ယောက် ပတ်သက်ဖြတ်သန်းခဲ့ ဖူးသည်လေ။


==================================

“ဟိုး ဟိုး ဟိုး (Ho Ho Ho)… သမီးလေး ဖြူ အတွက် ဘိုးဘိုး စင်တာကလော့စ်ရဲ့ လက်ဆောင်။ ပုဝါလေး ရော့”
“အာ မလိုချင်ပါဘူး မျိုးမြတ်ရယ်… ငါ ကလေး မဟုတ်ဘူး။ ကလေးတွေလည်း လက်ဆောင်တွေ အကုန်ရပြီးပြီ။ နင်ထိုင်တော့။ နင့်အစား ငါရှက်လာပြီ”

မျိုးမြတ် မုတ်ဆိတ်မွေးတုဖြူဖြူကြားက ပါးချိုင့်လေး ပေါ်အောင်ပြုံးပြီး ပုဝါလေးကို ကမ်းပေးနေမြဲ။ မယူမချင်း ထိုင်မယ့်ပုံမပေါ်… နောက်ဆုံးတော့ ခါတိုင်းလိုပဲ ဖြူ အလျော့ပေးလိုက်ရသည်။

“ကဲ… ပေး… ပေး…” ဖြူခပ်ဆတ်ဆတ် ဆွဲယူပြီး လက်ပွေ့အိတ်ထဲ ဖြစ်သလို ထိုးထည့်ရင်း မကျေမနပ်ပြောသည်။

“တစ်နှစ်လောက်များ ခရစ်စမတ် ဘိုးဘိုး မလုပ်ရရင် ဘာဖြစ်သွားမလဲ မသိဘူး”

မျိုးမြတ် ပြုံးရင်း…

“ကလေးတွေကို လက်ဆောင်ပေးလိုက်တဲ့ အချိန် ပျော်သွားတဲ့ မျက်နှာလေးတွေကို နင်မြင်ရင် အဲဒီစကား ပြောတော့မှာ မဟုတ်ဘူး”

ဖြူ မျက်စောင်းထိုးကြည့်လိုက်တော့ တောက်ပသော မျိုးမြတ်မျက်လုံးတို့နဲ့ ဆုံသည်။ ချက်ချင်း လက်ပွေ့အိတ်ထဲက တပိုင်းတစ ထွက်နေတဲ့ ပုဝါဖြူလေးဆီ အကြည့်ကိုလွှဲရင်း ရင်တွေ တုန်စပြုလာသည်။ အဲဒီခဏမှာပဲ ခရစ်စမတ်တိုင်း မျိုးမြတ် ဘာလက်ဆောင် ပေးမလဲလို့ ကြိုတင်ရင်ခုန် တုန်လှုပ်တတ်လာတာ သုံးနှစ်ရှိပြီဆိုတဲ့အကြောင်း မျိုးမြတ် မရိပ်မိအောင် ကြိုးစားနေသွားဖို့ ဆုံးဖြတ်ချက် ချလိုက်မိသည်။ မျိုးမြတ်မှာ ချစ်သူရှိသည်။

♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ဖြူ - စိတ်လှုပ်ရှားပြီး ပျော်မိသလို တပြိုင်ထဲမှာပဲ တစုံတရာကို ဆုံးရှုံးရသလိုမျိုး ခံစားရပါတယ်...

==================================

“ဝေါ”
“တောက်”

စက္ကူပုံးထဲကနေ အပြင်ကို တလဟော ထွက်ကျလာတဲ့ Ornament လေးတွေကို ကြည့်ရင်း မျိုးမြတ် တောက်ပြင်းပြင်းခေါက်သည်။ နောက် လက်ထဲက စက္ကူပုံးကို ကြမ်းပြင်ပေါ် ခပ်ပြင်းပြင်း ပစ်ချလိုက်သည်။ ခပ်လှမ်းလှမ်းက ဖြူမနေနိုင်တော့…

“ကဲပေး… ဘာတွေဘယ်လို လုပ်ရမှာလဲပြော။ ငါလုပ်ပေးမယ်”
“ရတယ်…” မျိုးမြတ် သံပြတ်နဲ့ ပြောသည်။ လူကတော့ မရွေ့။ အရာရာကို မကျေမနပ် အရှုံးပေးထားရသော မျက်နှာမျိုးနှင့်။ တနေ့ကပဲ ချစ်သူနဲ့ ပြတ်စဲခဲ့သတဲ့။

“ဒါ သက်သက်မဲ့ ဖြတ်ချင်လို့ အကြောင်းရှာတာ။ ငါနဲ့ ကေ့ကို စွပ်စွဲစရာလား။ ငါတို့က လုံးဝရိုးသားတယ်”

ဖြူတစ်ခွန်းမှ ပြန်မပြောမိ။ ကြမ်းပြင်ပေါ် ပြန့်ကျဲနေတဲ့ Ornamnet လေးတွေကို လိုက်ကောက်သိမ်းနေမိသည်။

“ဒါတွေကို တပ်ရတော့မလား…” ဖြူ လက်ထဲက Ornament လေးတွေကို ကိုင်ရင်းမေးတော့ ခေါင်းငြိမ့်ပြသည်။ အဲဒီနောက် ၂ ယောက်စလုံး Ornament လေးတွေကို သစ်ပင်ပေါ်မှာ တိတ်ဆိတ်စွာ ချိတ်နေမိကြသည်။ နောက်ဆုံး ထိပ်ဆုံးက ကြယ်လေးပဲ ကျန်တော့သည်။

“ရော့… ငါ မမီဘူး…” သူ ခေါင်းခါပြရင်း ရုတ်တရက် မထင်မှတ်စွာ ဖြူ့ကို ခါးကနေ ကိုင်မြှောက်ပြီး သစ်ပင်ထိပ်နားဆီ ပို့လိုက်သည်။ ဖြူ လေထဲ လွင့်သွားသလိုပင်…။ ကတုန်ကယင်လက်တွေနဲ့ ကြယ်လေးကို လှမ်းတပ်လိုက်ပြီး အလန့်တကြား ငုံ့ကြည့်တော့ သူပြုံးရင်း စကားတခွန်း လွှတ်ကနဲဆိုသည်… “နင်က ကေ့ထက် လေးတယ်”

ဖြူ့မျက်လုံးထဲက သံသယအရိပ်ကို မြင်မှ သူ့စကားမှားသွားမှန်း သတိထားမိသွားပုံရသည်။

“ငါ သူတို့အိမ်က Christmas Tree ကို Decorate လုပ်တုန်းက သွားကူရလို့ပါ။ အဲဒီတုန်းက ခုလိုပဲ လှေကားမရှိတော့…”
“ငါ့ကို အောက်ချပေးဦး” ဖြူ စကားကို ဖြတ်ပြောလိုက်တော့ သူခပ်ဖြေးဖြေး ချပေးသည်။ ဖြူ့အတွက်တော့ အဆုံးအစမရှိ ဟင်းလင်းပြင်တစ်ခုထဲ ပြုတ်ကျသွားသလိုပင်…

♥ ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
ဖြူ - ခရစ်စမတ် သစ်ပင်တစ်ပင်ကို တစ်ခါတုန်းက အလှဆင်ပေးခဲ့ ဖူးပါတယ်။ နောက်တခါများရှိခဲ့ရင် သစ်ပင်ထိပ်က ကြယ်ကို တပ်ပေးဖို့ကိုတော့ ငြင်းဆန်မိမှာပါပဲ...

==================================

ဖုန်းကနဲ မျက်နှာကို လာမှန်တဲ့ နှင်းခဲတွေကြောင့် ဖြူဒေါပွသွားသည်။

“မျိုးမြတ် တော်တော့လို့ ပြောနေတယ်နော်။ ကလေးကလားတွေ…”
“ပျော်လို့ပါ ဖြူရာ။ ငါ ခရစ်စမတ်ကို နှင်းကျတဲ့နေရာမှာ ကြုံဖူးတာ ဒါပထမဆုံးလေ…”
“ပျော်ရင် ကိုယ့်ဘာသာ ပျော်… ငါ့ကို လာမထိခိုက်နဲ့…”
“မကျေနပ်ရင် ငါ့ကို ပြန်ပေါက်လေ…”
“လက်အိတ်မပါလို့ နှင်းတွေ ကိုင်လို့မရပါဘူးဆို….” ဖြူလက်အိတ် မေ့ကျန်ခဲ့သည်။ သူ့ရယ်သံက တိုးတိုးဖွဖွ။ ဖြူ ရှေ့တူရှုက ရေခဲဖုံးနေတဲ့ တောင်ဖြူဖြူကြီးတွေကို ငေးရင်း လေအေးကို ဖွဖွရှုမိသည်။

“ဘယ်နှယ့်လဲ မလှဘူးလား…” အနားမှာ လာရပ်ရင်း မျိုးမြတ်မေးသည်။
“အင်း…”
“ဒါနဲ့များ ဒီခရီးကို မလိုက်လိုက်အောင် မနည်းခေါ်ရတယ်”
“ငါမှ ခရီးထွက်ရတာ မကြိုက်တာ… ဒါပေမယ့် ဒီခရီးကတော့…” စကားပြောရင်း ပိုအေးခဲလာတဲ့ လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာအောင် ပွတ်တိုက်မိတော့ မျိုးမြတ် ရုတ်တရက် ဖြူ့လက်တွေကို အသာအယာဆွဲယူရင်း လေအေးအေးနဲ့ ပြောသည်။

“ဒီခရီးကတော့ လာရတာ တန်တယ် မဟုတ်လား။ နင် ဒီရှုခင်းတွေ ကြိုက်မှာ ငါသိတယ်…”

ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေကို တလှည့် သူ့မျက်နှာကို တလှည့် အလန့်တကြား ကြည့်မိတော့…

“ငါ လက်အိတ်ဝတ်ထားပါတယ်။ လက်ချင်း မထိပါဘူး” သူက ခပ်တည်တည် ခပ်အေးအေးပြောသည်။ ဖြူ ရုန်းဖယ်ဖို့ မေ့လျော့ရင်း…
“နင်လေ တော်တော် လက်ရဲဇက်ရဲ နိုင်တယ်နော်။ အဲဒါကြောင့်လည်း ရည်းစားတွေ…”
“အာ ဘာရည်းစား ‘တွေ’ လည်း… ၁ ယောက်ခွဲပဲ ရှိတာကိုများ” သူ ရယ်ကျဲကျဲပြောသည်။
“တစ်ယောက်ခွဲ? တစ်ယောက်ကတော့ နင့်အရင် ကောင်မလေး။ ခွဲ ဆိုတဲ့ နောက်တဝက်က ဘာကို ပြောတာလည်း။”

ခပ်လှမ်းလှမ်းမှာ ဇော်ဦးတို့နဲ့ နှင်းခဲတွေ အပြန်အလှန် ပေါက်ပြီး ဆော့နေတဲ့ ကေ့ဆီကို မျက်လုံးဝေ့ကြည့်ရင်း မေးတော့ ဖြူ့ မျက်လုံးဦးတည်ရာက ကေ့ကို လိုက်ကြည့်ရင်း မျိုးမြတ် လှိုက်ကနဲပြုံးသည်။ ဖြူ ခုမှ သတိရလာသလို လက်နှစ်ဖက်ကို ဆတ်ကနဲ ရုန်းထွက်ရင်း ခပ်ကြိတ်ကြိတ်ပြောလိုက်သည်။

“နင် ဒီခရီးမှာ ငါ့ကို မပါပါအောင် ခေါ်တာ ကေ့အိမ်က မိန်းကလေး အဖော်ပါမှ သွားခွင့်ပြုမယ်ပြောလို့ ဆိုတာ ငါမသိဘူး ထင်လို့လား”

မျိုးမြတ် စူးကနဲ ဖြူ့ကို ကြည့်သည်။ သူ့မျက်လုံးထဲက အရိပ်တွေကို သေချာစိုက်ကြည့်မိသည်။ ဘယ်လိုကြည့်ကြည့် ဖြူ မဖတ်တတ်…။ နောက် မျိုးမြတ်ချာကနဲ ကေတို့ဆီကို ထွက်သွားသည်။

နှင်းထုထဲမှာ ကျန်ခဲ့တဲ့ သူ့ခြေရာတွေကို ခေါင်းငိုက်စိုက်နဲ့ငေးရင်း ဖြူကျန်ရစ်သည်။ လေးငါးလှမ်း လှမ်းလို့ အပြီး ဖြူ သူကြားရုံလောက် လှမ်းပြောလိုက်သည်။

“လူတွေက နင့်အရင်ကောင်မလေးနဲ့ ကွဲတာ နင်ကေနဲ့ရှုပ်လို့ လို့ ပြောနေကြတယ်။ ငါ နင့်ကို လေးစားချင်တယ် မျိုးမြတ်”

သူ့ခြေသံခဏ ရပ်တန့်သွားသည်။ နောက် ဆက်လျှောက်သွားတဲ့ ခြေသံက တဖြည်းဖြည်းဝေးသွားတော့သည်။

♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
ဖြူ - ကိုယ်ချစ်သောသူနဲ့ နာကျင်မှုကင်းစွာ ရှိနေမယ်ဆိုရင် နှင်းဖြူဖြူတွေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အဲဒီခရစ်စမတ်ကို နှစ်သက်မိမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ နှင်းဖြူဖြူတွေကရော၊ နှင်းဖုံးနေတဲ့ တောင်တန်းဖြူဖြူတွေကပါ ဖြူ့ရဲ့ ခရစ်စမတ်ကို နှစ်သက်စရာဖြစ်အောင် ကူညီနိုင်မယ် မထင်ပါဘူး...

==================================

“Happy Christmas Eve ဖြူ”

ပြဿနာထင်ထင်ရှားရှား မရှိခဲ့ပါဘဲနဲ့ ခရီးက ပြန်လာကတည်းက (အထူးသဖြင့် ဖြူ့ဘက်က) ခပ်စိမ်းစိမ်းလို ဖြစ်နေခဲ့တာ ကြာပြီဖြစ်တဲ့ မျိုးမြတ်အသံကို မထင်မှတ်တဲ့ Christmas Eve မနက်ခင်းမှာ ဖုန်းထဲက ကြားလိုက်ရခြင်းက ဖြူ့ကို ကုတင်ပေါ်မှာ ငေါက်ကနဲ ထထိုင်လိုက်မိစေသည်။

“မျိုး… မျိုးမြတ်… Same to you…”
“ဘယ်မှ မသွားဘူးလား”
“ခုမှ မနက် ၆ နာရီခွဲလေဟာ…”
“မဟုတ်ဘူးလေ ဒီနေ့ တနေ့လုံးကို မေးတာ”
“မသွားဘူးလေ… ကြီးကြီးကလယ်ရာ အိမ်မှာတော့ ညနေ ခဏသွားကူရမယ်။ မနက်ဖြန် Christmas အတွက်။ နင်လည်း မနက်ဖြန် လာမယ် မဟုတ်လား…”
“အင်း…”

နှစ်ယောက်စလုံး ခဏတိတ်ဆိတ်သွားပြီးမှ…
“ဖြူ… နင်တော်တော် နေနိုင်တယ်နော်…”
“ငါက နေနိုင်ရင်တောင် နင်က ခေါ်ပါတော့လား” ဖြူ ပြုံးနေတဲ့ နှုတ်ခမ်းတွေကို ဖိကိုက်ရင်း ခပ်စွာစွာလေးပြောမိတော့ သူ့ရယ်သံကို ကြားရသည်။

“ခုလည်း ငါကပဲ ခေါ်တာပဲလေ။ ငါက တချိန်လုံး ကေနဲ့ လျှောက်သွားနေတော့ အားမှ မအားတာ”

မျိုးမြတ် ရယ်သံစွက်ပြီးပြောတော့ ဖြူ့မျက်နှာပေါ်က အပြုံးရိပ်ပျောက်သွားသည်။

“နေစမ်းပါဦး ငါတို့ ဘာကိစ္စနဲ့ မခေါ်ဖြစ်ကြတာလဲ…”

မျိုးမြတ်မေးခွန်းကို ဖြူဘာကို မယ်မယ်ရရ ပြန်ဖြေရမှန်းမသိ ဖြစ်နေတုန်း သူ စကားစကို ဖြတ်လိုက်သည်။

“ထားပါတော့… ငါတို့ ခုပြန်ခေါ်ပြီပဲ။ မနက်ဖြန်တွေ့မယ်နော် ဖြူ…”

သူဖုန်းချသွားတော့ ဖြူမျက်ရည်တွေနဲ့ ဖုန်းလေးကိုရင်မှာအပ်ထားတာ အကြာကြီးမှ အကြာကြီး…

♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
ဖြူ - တစ်စုံတစ်ယောက်သောသူနဲ့ ဖုန်းအကြာကြီးပြောပြီး ဖြတ်သန်းချင်ပါတယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပါ...
==================================

ကြီးကြီးကလယ်ရာတို့ ဧည့်ခန်းထဲမှာ ခြေထောက်ကလေး ချိတ်ထိုင်ရင်း ကြီးကြီးနဲ့ စကားလက်ဆုံကျနေတဲ့ ကေ့ကို ငေးရင်း ဖြူသိမ်ငယ်စိတ်တွေ ဝင်မိသည်။ အနီရင့်ရင့်
အင်္ကျီလေးနဲ့ ကေက ခါတိုင်းလိုပဲ အင်မတန် Smart ကျပြီး လှလွန်းနေသည်။ ကေ့မျက်နှာက ဘဝမှာ လိုချင်တာမှန်သမျှ ရအောင် လုပ်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အရောင်တွေနဲ့ အမြဲတောက်ပ နေတတ်သည်။ မျိုးမြတ်ကို ကေ စတွေ့ဖူးတုန်းက “အဲဒါငါ့ရဲ့ Next Boyfriend” လို့ သူငယ်ချင်းတွေကို နောက်သလိုလို အတည်လိုလို ပြောခဲ့သတဲ့။ သူပြောခဲ့သလို တကယ်ပဲ မျိုးမြတ်ကို သူပိုင်ဆိုင်ရတာပါပဲလေ။

ကြီးကြီးကလယ်ရာရဲ့ ခွေးကလေး ဘော်ဘီကို သူတို့အနားမှာ လိုက်ဖမ်းရင်း ကေ့စကားတွေကို တစွန်းတစ ကြားရသည်။

“ခုထိ Honeymoon အတွက် သူနဲ့ ညှိလို့ကို မရဘူး။ သူက နှင်းတွေရှိတဲ့ နေရာမှတဲ့။ ကေက Beach တစ်ခုခု ပဲ သွားချင်တာ။ အမြဲတမ်း အဲဒီလို သူ့စိတ်နဲ့ ကေ့စိတ်က အဖြူနဲ့အမည်း ကြီးကြီးရဲ့…။ ကြီးကြီးတွေ့မှ ပြောပေးပါဦး…”

ဖြူ့တကိုယ်လုံး အေးခဲသွားမတတ်။ မျှော်လင့်ထားခဲ့ပေမယ့် ဒီလောက် မြန်ဆန်လိမ့်မယ် ထင်မထားခဲ့။ ဖြူ ငေးငိုင်နေတုန်း လိုက်ဖမ်းတုန်းက မမိခဲ့တဲ့ ဘော်ဘီ အနားလာပြီး ရစ်သီရစ်သီလုပ်နေတော့ အလိုက်သင့် ပွေ့လိုက်ရင်း ခပ်ဖြေးဖြေး အထ…

“ဟိုး ဟိုး ဟိုး (Ho Ho Ho) သမီးလေး ဖြူအတွက် ဖိုးဖိုး စန်တာကလော့စ်ရဲ့ လက်ဆောင်”

မျက်လုံးရှေ့မှာ ဘွားကနဲပေါ်လာတဲ့ မျိုးမြတ်ဆီက ဘူးလေးကို လွတ်နေတဲ့လက်တဖက်နဲ့ ကမူးရှုးထိုး လှမ်းယူရင်း စကားတခွန်းမှ မဆိုမိဘဲ သူ့နားက ကတုန်ကယင် ပြေးထွက်လာမိသည်။

အိမ်ရဲ့ ဘေးဝင်ပေါက်လေးအရောက် ခြေပစ်လက်ပစ်ထိုင်ချရင်း ရင်ခွင်ထဲက ဘော်ဘီကို တင်းကျပ်နေအောင် ဖက်ထားမိသည်။ ဘော်ဘီကလည်း ဖြူ့ နာကျင်မှုကို နားလည်တဲ့အလား ငြိမ်ငြိမ်လေး နေပေးနေသည်။ လက်ထဲက ဘူးလေးကို ဘော်ဘီကိုက်ဆွဲဖို့ ကြိုးစားမှ သတိရပြီး သေချာကြည့်မိတော့ သံဘူးလေး။ အဖုံးလေးကို ဖွင့်လိုက်တော့ ဖြူကမ္ဘာ့အပြင်ဘက်ကို လွင့်စင်သွားသလိုပင်။ ဘူးထဲက နှင်းပုံစံ ဖော့လေးတွေထဲမှာ Crystal နဲ့ လုပ်ထားတဲ့ အနီရောင် အသည်းလေး။

“ဘာလို့ ထွက်ပြေးနေရတာလဲ…”

နောက်က ထွက်လာတဲ့ မျိုးမြတ်အသံကြောင့် ဖြူဘူးလေးကို ယောင်ယမ်း ပိတ်လိုက်မိသည်။ သူက ဘေးမှာ ဝင်ထိုင်ရင်း…

“ကြိုက်လား…” သူမေးတော့ ဖြူ ဘူးလေးကို တုန်ယင်တဲ့ လက်တွေနဲ့ တင်းတင်း ဆုပ်ထားရင်း…

“နင် နဲ့ ကေ လက်ထပ်တော့မယ် မဟုတ်လား…”
“အမ်… ဘာရယ်…”
“ကေ က အခုပဲ ကြီးကြီးကို Honeymoon အကြောင်းပြောနေတာလေ…”
“အာ အဲဒါနဲ့ပဲ သူနဲ့ ယူမယ့်သူက ငါဖြစ်ရောလား”
“နင် ပဲရှိတာပဲ…”
“ဟောဗျာ စွပ်စွပ်စွဲစွဲ။ ကေ အဲဒီလူနဲ့ တွဲနေတာ တစ်နှစ်နီးပါး ရှိပြီ။ တလောကလုံး သိတယ်။ နင်ပဲ ဘယ်ကမ္ဘာမှာ သွားအိပ်ပျော်နေလို့ မသိတာလည်း။ Facebook မှာလည်း In a relationship with xxxxx လို့ ရေးထားတာ ကြာလှပြီ။”
“ငါ့ Friend List ထဲမှာ ကေမှ မရှိဘဲ…” သူ အော်ရယ်သည်။ ဖြူကတော့ မျက်မှောင်တွေ ကြုံ့နေမိဆဲ…

“ကဲပါ… မေးတာ ဖြေဦး… ဒီနှစ် ခရစ်စမတ်လက်ဆောင် ကြိုက်လား…”

ဖြူမဖြေမိ… ခုထိ အာရုံတွေ ရှုပ်ထွေးနေဆဲ။

“ဒါဆို နင့်ပထမကောင်မလေးနဲ့ ဘာလို့ ပြတ်သွားတာလဲ…။ ကေ့ကြောင့် မဟုတ်ဘူးလား…”
“အဲဒီတုန်းက နှစ်ယောက်စလုံး ငယ်သေးတယ်လေ။ နောက် တစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ကာကာ မရှိမှန်း တဖြည်းဖြည်း သိလာတယ်။ ဒီကြားထဲ သူက ငါ့ကို ကေနဲ့စွပ်စွဲရာက ပြဿနာပိုကြီးပြီး လမ်းခွဲလိုက်ကြတာ” သူက အသံနှိမ့်ရင်း… “အဲဒီအချိန် ကေတို့အဖွဲ့နဲ့ ငါက တအားတွဲဖြစ်တော့ အတင်းတွေက သတင်းဖြစ်ပြီး ရှုပ်ကုန်တာ”

ဖြူသူ့ကို မယုံနိုင်စွာ သူ့ကို မော့ကြည့်တော့ ခါတိုင်းမြင်နေကျ စူးလက်သော မျိုးမြတ်မျက်လုံးတို့နှင့် ဆုံသည်။ ဒီတခါတော့ သူ့အကြည့်ကို ဖြူဖတ်တတ်သွားသလိုပင်။

“ကဲ တတိယအကြိမ်မြောက်မေးမယ်… လက်ဆောင်ကြိုက်လား”

ဖြူမဖြေမိ။ ရင်ခွင်ထဲက ဘော်ဘီ ခုန်ထွက်သွားတော့ ဘော်ဘီ ပြေးထွက်သွားရာဆီ အကြည့်ကို လွှဲနေလိုက်သည်။ မျက်လုံးထောင့်မှာ သူပြုံးလိုက်တာ ဖြူမြင်ရသည်။ နောက် လက်ပေါ်မှာ သူ့လက်ဖဝါးနွေးနွေးရဲ့ အထိအတွေ့ကို ခံစားလိုက်ရသည်။

ဒီတခါတော့ သူ လက်အိတ် ဝတ်မထားပါ။ ဒါပေမယ့် ဖြူမရုန်းမိတော့…

♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
ဖြူ - ချစ်တဲ့ခင်တဲ့ သူတွေကို ခရစ်စမတ်မှာ ဖြူအပေးချင်ဆုံးက အဖိုးတန်ဆုံးသော ချစ်ခြင်းမေတ္တာပါ။ အမှန်က ခရစ်စမတ်မှာမှ ချစ်ခြင်းမေတ္တာကို ပေးသင့်တာ မဟုတ်ပါဘူး။ ဒါဟာ နေ့စဉ်နေ့တိုင်း ဖြစ်သင့်တယ် မဟုတ်လားနော်...

==================================

“ဖြူ ကြည့်ပေးပါဦး… ပုံစံကျရဲ့လားဆိုတာ…”

ဖြူ မေးခွန်းလေးတွေကို တစ်ခုချင်း ဖြေကြည့်မိနေတုန်း နောက်ကထွက်လာတဲ့ မျိုးမြတ်အသံကြောင့် အသာထပြီး သူ့ရှေ့မှာ သွားရပ်ရင်း စင်တာကလော့စ် အဝတ်အစားနဲ့ မုတ်ဆိတ်မွေး အတုတွေကို နေရာကျအောင် လုပ်ပေးမိသည်။

“အား… သိသားပဲ။ စင်တာကလော့စ်က ဖေကြီးဆိုတာ။ သားတို့ကို စင်တာကလော့စ် တကယ်ရှိတယ်ဆိုပြီး ညာတယ်။ ”

အခန်းဝက အသံကုန်ခြစ်ပြီး အော်လိုက်တဲ့ သားလေးအသံကြောင့် ဖြူရော မျိုးမြတ်ပါ တယောက်မျက်နှာ တယောက်ကြည့်ရင်း အသံထွက် ရယ်လိုက်မိသည်။

“ကဲ အဲတော့ စင်တာကလော့စ်ကြီးဆီက လက်ဆောင်တွေ သားက မယူချင်တော့ဘူးလား”

အဲဒီတော့မှ သားလေးက မျက်နှာချိုလေးသွေးသည်။

“ဟာ အဲဒါတော့ ဟီးဟီး”

“လူလည်လေး… ကဲသွား… ညီမလေးကို ခေါ်လိုက်တော့။ ဘွားဘွားကလယ်ရာတို့အိမ် သွားကြစို့”

ဖြူ လောဆော်လိုက်တော့ မျိုးမြတ်က သူ့သမီးကို စိတ်မချစွာနဲ့ ချီခေါ်ဖို့ ထွက်ရင်း အခန်းဝကနေ လှမ်းအော်သွားသေးသည်။

“ဖြူလည်း ထတော့လေ… ပိတ် ပိတ် ကွန်ပျူတာလည်း ပိတ်တော့”

ကွန်ပျူတာ မပိတ်ခင် ဖြူနောက်ဆုံးမေးခွန်းလေးကို လှမ်းကြည့်လိုက်မိသည်။

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။

ဖြူ အသာအယာပြုံးရင်း ကွန်ပျူတာကို ပိတ်လိုက်မိတော့သည်။

ရွှေပြည်သူ
(24-Dec-2011 ~ 11:13 PM)
ဒီဝတ္ထုတိုလေးကို S Club 7 ရဲ့ Perfect Christmas သီချင်းလေးကို နားထောင်ရင်း ရေးခဲ့ပါတယ်...း)

ဘယ် ဘာသာအယူဝါဒကိုမှ အစွဲမထားဘဲ ခရစ်စမတ် အချိန်နဲ့ ကိုက်ညီအောင် ခံစားရေးဖွဲ့ထားတာပါရှင်။ ဒီစာလေး ရေးဖြစ်အောင် Tag ခဲ့တဲ့ ညီမလေး Rose၊ လာဖတ်ပေးသူအားလုံး နဲ့ ကျွန်မရဲ့ VIP မလေးတစ်ယောက် ပျော်စေချင်လို့ အပျော်လေးနဲ့ အဆုံးသတ်ပေးထားပါတယ်။ အားလုံးပဲ Happy Christmas ပါနော်း)

(ဆက်ဖတ်ချင်ရင်...း)

Saturday, December 17, 2011

Busi-ness Trip

နိုဝင်ဘာလဆန်းလောက် ကနေ ဒီနေ့အထိ စိတ်ရောလူပါ မရပ်မနား ဆက်တိုက်ပင်ပန်းနေလို့ ကိုယ့် Blog လေးကိုယ် တချက်တချက် ဝင်ငေးရုံကလွဲပြီး စာမရေးနိုင်ခဲ့တာ ကြာသွားပြန်ပါတယ်။ အကုန်လုံးကို အတိုချုံးပြီး ပြောရရင်တော့ စာမေးပွဲဖြေဖို့ စာကျက်နေတုန်းမှာ မထင်မှတ်ဘဲ အသိုက်ပြောင်းဖို့ ဖြစ်လာတော့ ရုတ်တရက် အိမ်အသစ် ထရှာရပါတယ်။ ဒီကြားထဲမှာပဲ မမျှော်လင့်ဘဲ ရလာတဲ့ အခွင့်အရေးတစ်ခုကြောင့် ၃ နှစ်ကျော်ကြာ သံယောဇဉ်ကြီးစွာနဲ့ လုပ်ခဲ့တဲ့အလုပ်ကနေ ထွက်ဖို့ဖြစ်လာပြန်ပါတယ်။ ဒီလိုနဲ့ ရက်ပိုင်းလေးတွေပဲ ခြားပြီး စာမေးပွဲဖြေ၊ အသိုက်ပြောင်း၊ အလုပ်ဟောင်းက အလုပ်တွေ Handover လုပ်၊ အလုပ်သစ်က စနေပြီဖြစ်တဲ့ Project နောက်ကို အမောတကောလိုက် စသည်ဖြင့် ဆက်တိုက်ဖြစ်သွားတော့ Blog ဆီကို စိတ်ပဲ ရောက်နိုင်ပါတော့တယ်။

ဒီနေ့ နည်းနည်းလေး အသက်ရှုချောင်စပြုလာတာနဲ့ အလုပ်အသစ် ဝင်ဝင်ချင်းမှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားခဲ့ရတဲ့ ကျွန်မရဲ့ Busi-ness Trip လေးအကြောင်းကို ပြန်ချရေးမိပါတယ်။ Business ဆိုတာ Busy ရဲ့ Noun လို့ လူတွေ ရယ်စရာပြောကြသလို တကယ်ကို ပင်ပန်းခဲ့ရတဲ့ ခရီးမို့လို့ Busi-ness လို့ တမင်ခွဲရေးလိုက်တာပါး) အပျော်ခရီး မဟုတ်ဘဲ အလုပ်နဲ့ ပတ်သက်တဲ့ခရီးကို ပြည်တွင်းမှာ သွားခဲ့ဖူးပေမယ့် နိုင်ငံရပ်ခြားခရီးကိုတော့ အခုမှ ပထမဆုံးသွားဖူးတာဖြစ်သလို၊ အလုပ်ကလည်း အခုမှ ဝင်ခါစ ဖြစ်တာကြောင့် မသွားခင်ကတည်းက (စိတ်ပူတာရော၊ စိတ်ဝင်စားတာရော ရောထွေးပြီး) တော်တော်လေး စိတ်လှုပ်ရှားခဲ့ပါတယ်။



စကတည်းက ယဉ်သကို ဆိုသလိုပါပဲ။ စသွားကတည်းက Last Minute မှ ရောက်လာတဲ့ Information တချို့ကြောင့် လေယာဉ်ပေါ်တက်ဖို့ စောင့်နေတဲ့အချိန်မှာရော၊ လေယာဉ်ပေါ်မှာပါ ခေါင်းမဖော်တမ်း အလုပ်လုပ်သွားရပါတယ်။ တည်းမယ့် ဟိုတယ်လ်ကို ရောက်တော့ သူတို့ရဲ့ Business Centre မှာ အင်တာနက်အတွက် သွားပြော (သူတို့က တနေ့စာ သုံးဖို့ User Name နဲ့ Password ပါတဲ့ ကတ်လေးတွေထုတ်ပေးပြီး တကတ်အတွက် ဘတ် ၄၅၀ Charge လုပ်ပါတယ်)၊ Air-con လျော့ပေးဖို့ပြော၊ သိဖို့လိုတာလေးတွေ ဟိုမေးဒီမေးနဲ့ ယာယီနေရမယ့် နေရာလေးမှာ အထိုင်ကျအောင် အရင်လုပ်ရပါတယ်။ ပြီးတာနဲ့ အလုပ်ထဲ ခေါင်းပြန်မြုပ်သွားလိုက်တာ မနက် ၁ နာရီလည်း မပြီး၊ ၂ နာရီလည်း မပြီးနဲ့ နောက်ဆုံး ကျွန်မရော၊ လုပ်ဖော်ကိုင်ဘက်ရော၊ ကျွန်မတို့ Lady Boss ပါ မနက် ၃ နာရီခွဲ ၄ နာရီသာသာလောက်မှ အိပ်ယာဝင်နိုင်ကြပါတော့တယ်။ မနက် ၂ နာရီခွဲ လောက်မှာ ကျွန်မဦးနှောက်က တကယ်ကို Shut Down လုပ်စပြုနေပါပြီ။ ဘာမှ မတွေးနိုင်လောက်အောင် ပင်ပန်းနေတဲ့ကြားက နောက်တနေ့ အစည်းအဝေးအတွက် မဖြစ်မနေ ပြီးရမယ့်အလုပ်ဖြစ်နေတော့ မနည်းကြီး အားတင်းပြီး လုပ်ခဲ့ရပါတယ်။ နောက်တနေ့ မနက် အစည်းအဝေးခန်းကို ရောက်ရမယ့် အချိန်က ၇း၄၅ ပါ။


ကျောက်ချခဲ့ရတဲ့ နေရာလေး


နောက်တရက် နိုးတာနဲ့ အစည်းအဝေးခန်းကို အပြေးသွားပြီး ကြိုပြင်ဆင်ရမှာတွေ ပြင်ရပြန်ပါတယ်။ ဒီလိုနဲ့ အစည်းအဝေးခန်းထဲမှာ (ထမင်းစားချိန် နဲ့ Tea-break တွေကလွဲလို့) တနေကုန်ပြန်ပါတယ်။ အစည်းအဝေးပြီးတော့ ညစာမစားခင် အချိန်လေးမှာ ခပ်လှမ်းလှမ်းက အခန်းကျယ်တစ်ခုရှေ့မှာ လူတွေ ရုံးစုရုံးစု ဖြစ်နေပြီး Costume ဆန်ဆန်တွေ ဝတ်စားထားကြတာတွေ့ရတော့ တနေကုန် စိတ်ပင်ပန်းထားပုံရတဲ့ လုပ်ဖော်ကိုင်ဘက်တွေက သွားကြည့်ဖို့ ခေါ်ပါတယ်။ ဒီလိုနဲ့ အဲဒီအနား ယောင်လည်လည်နဲ့ ခဏရောက်သွားကြတော့ အသင်းအဖွဲ့တစ်ခုကလုပ်တဲ့ Party လို့ ဟိုတယ်လ်ဝန်ထမ်းတစ်ယောက်က ပြောပြပါတယ်။

ခန်းမထဲ ဝင်ကြည့်တော့ အောက်ကပုံတွေထဲက အတိုင်းလူတွေ အများကြီးတွေ့ရပါတယ်။ ပြောနေတဲ့ စကားတွေလည်း နားမလည်တော့ ဘာတွေလုပ်နေကြသလဲတော့ သေချာမသဲကွဲခဲ့ပါဘူး။


Game တခုခု ကစားနေတဲ့ ပုံစံမျိုးပါ


လူပရိတ်သတ်တွေ...


ထူးထူးဆန်းဆန်း ဝတ်စားထားတဲ့ ချစ်စရာ ကောင်မလေးတွေ

ခန်းမအပြင်ဘက်မှာလည်း Fun-Fair လိုမျိုး သေနတ်နဲ့ အရုပ်ကိုပစ်တာ၊ ပူဖောင်းကို မြှားနဲ့ပစ်တာမျိုးတွေကို ရုံလေးတွေနဲ့ လုပ်ထားပါသေးတယ်။

ပစ်ချင်ရင် ပစ်ဖို့း)


Phone လေးနဲ့ ဓာတ်ပုံဟိုရိုက်ဒီရိုက်လုပ်နေတဲ့ ကျွန်မကို အနားက ဟိုတယ်ဝန်ထမ်းက ပစ်ချင်ရင် ပစ်နိုင်ပါတယ်ဆိုလို့ မြှားနဲ့ ပူဖောင်းကို ပစ်ခဲ့ပါသေးတယ် (ငယ်သေးတော့း)) မြှားသုံးစင်းနဲ့ ပစ်တာ နှစ်လုံးပဲ ပေါက်ပါတယ် (အနားကို ကပ်နိုင်သမျှ ကပ်ပြီး ပစ်တာတောင်မှး))

မြှားနဲ့ပစ်ခဲ့တဲ့ ဘောလုံးလေးတွေ။ ဘောလုံးပေါက်လို့ ချောကလက်လေးတစ်တုံး ပေးပါတယ်း))


ဒုတိယနေ့အစည်းအဝေးက ပိုအာရုံစိုက်ရပြီး ပိုပြီး စိတ်ဖိစီးမှုများပါတယ်။ မျှော်လင့်ထားတဲ့အချိန်ထက် နောက်ကျမှ ပြီးပေမယ့် အစည်းအဝေး အစကနေအဆုံး ၂ ရက်လုံး ချောချောမွေ့မွေ့ဖြစ်ခဲ့တာ တကယ်ကို ဝမ်းသာစရာပါ။ ပြီးသွားပြီဆိုတော့ နားရပြီပေါ့လို့ ထင်ရပေမယ့် အဲဒီကျမှ လူကြီးတွေချလိုက်တဲ့ Decision တွေအတွက် အလုပ်သစ်တွေ စပြီးပိတော့တာပါ။ အဲဒါတွေ ထိုင်လုပ်ဖို့ ကြံစည်နေတုန်း Lady Boss က ဒီညတော့ နားပါဆိုပြီး အနီးအနားက ဈေးတန်းလေးဆီကို လမ်းလျှောက်ဖို့ ခေါ်ထုတ်သွားပါတယ်။ အဲဒီကျမှပဲ ဘန်ကောက်မြို့ထဲကို ခြေချခွင့် စရပါတော့တယ်။ လွန်ခဲ့တဲ့ လတွေတုန်းက တော်တော်လေး ဆိုးခဲ့တဲ့ ထိုင်းလူမျိုးတွေရဲ့ ရေဘေးဒုက္ခကတော့ တော်တော်တည်ငြိမ်သွားပြီဆိုတာ တွေ့ရပါတယ်။

အောက်မှာ ရသမျှလေး ရိုက်လာတဲ့ ပုံလေးတွေပါ။


ဘန်ကောက်ရဲ့ ညဦး


ပိုးကောင်လေးတွေ ကြော်ပြီးရောင်းနေတာပါ...

ခရီးစဉ်တစ်ခုလုံးကို ခြုံကြည့်မိတော့ “ပင်ပန်းပေမယ့် ပျော်ပါတယ်” ဆိုတဲ့ အဖြေထွက်ပါတယ်။ အပေါ်မှာ ရေးခဲ့သလို ခေါင်းတွေ ပူထူလာတဲ့အထိ အလုပ်လုပ် ရပေမယ့် လေးစားစရာ ပညာရှင်ကြီးတွေနဲ့ ဆုံတွေ့ခွင့်ရခဲ့သလို သူတို့ဆီက အားကျစရာ သင်ယူစရာတွေလည်း မြင်ခွင့်ရခဲ့တာကြောင့် ပင်ပန်းရတာ တကယ်ကို တန်ခဲ့ပါတယ်။ ကျွန်မလိုပဲ Busi-ness Trip ထွက်ဖို့ ရှိသူတွေကို ကျွန်မ သိလာရသမျှလေးတွေ ဝေမျှချင်ပါတယ်… သေးသေးမွှားမွှား လူပြိန်းသိလေးတွေဖြစ်သလို၊ လူတိုင်းသိပြီးသားတွေ ဖြစ်နိုင်ပေမယ့် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

  • ကိုယ်သွားမယ့် နိုင်ငံမှာ 2 Pin Plug အဓိကသုံးသလား၊ 3 Pin Plug အဓိက သုံးသလားဆိုတာ (သူငယ်ချင်းရှိခဲ့ရင်) ကြိုလေ့လာထားပြီး ကိုယ့်နိုင်ငံနဲ့ မတူခဲ့ရင် Adapter လေး ကြိုဆောင်သွားသင့်ပါတယ်။ (ဥပမာ - စင်္ကာပူမှာက 3 Pin Plug ကိုသုံးပေမယ့် ထိုင်းနိုင်ငံမှာကျတော့ 2 Pin Plug ပဲ သုံးပါတယ်။) အခုလို Electronic ပစ္စည်းတွေ မရှိမဖြစ် ဖြစ်နေတဲ့ ခေတ်ကြီးမှာ ဒါဟာလည်း မထင်မှတ်ဘဲ တခါတခါ အရေးကြီးနေတတ်ပါတယ်။ Hotel တွေမှာ အလွယ်တကူ ငှားယူလို့ ရပေမယ့် ကိုယ့်ဘာသာ ဆောင်သွားခြင်းအားဖြင့် ဝန်ထမ်းတွေကို ဖုန်းဆက်ပြီး တောင်းရမယ့် အချိန်ရယ်၊ အင်အားရယ်၊ (Charge လုပ်ခဲ့ရင်) ငှားခအတွက် ကုမ္ပဏီက ပေးရမယ့် ပိုက်ဆံရယ်ကို ခြွေတာပြီးသားဖြစ်ပါတယ်။
  • သွားမယ့် နိုင်ငံရဲ့ ဘာသာစကားကို (အချိန်ရခဲ့ရင်) ထမင်းစားရေသောက်လေးလောက် ဖြစ်ဖြစ် လေ့လာထားသင့်ပါတယ်။ အထူးသဖြင့် သွားမယ့်နိုင်ငံက အင်္ဂလိပ်စကားကို တွင်တွင်ကျယ်ကျယ် မသုံးခဲ့ရင်ပေါ့နော်။
  • ခရီးစဉ်တလျှောက်မှာ လုပ်ရမယ့် အရေးကြီးကိစ္စတွေကို စာရင်းနဲ့ ချရေးထားသင့်ပါတယ်။ (တခြားလူတွေအတွက် လိုမလို မသိပေမယ့် မှတ်ဥာဏ်မကောင်းတဲ့ ကျွန်မအတွက်ကတော့ မရှိမဖြစ်ပါ။ ခရီးက ပြန်လာရင် လုပ်ရမယ့်ကိစ္စတွေကိုပါ ကြိုပြီး ချရေးထားပါတယ်)
  • ခရီးစဉ်တလျှောက်မှာ လိုအပ်မယ့် စာရွက်စာတမ်းတွေကို တစုတစည်းထဲ သိမ်းထားသင့်သလို၊ Computer File တွေကိုလည်း သေသေသပ်သပ် စုစည်းထားသင့်ပါတယ်။ Computer ထဲက File တွေကိုဆိုရင် Thumbdrive နဲ့ပါ Copy တစ်ခု သိမ်းထားသင့်ပါတယ်။
  • ကုမ္ပဏီက ကိုယ့်အတွက် စားရိတ်စက အကုန်ကျခံသည့်တိုင်အောင် အိတ်ဆောင်အနေနဲ့ သွားမယ့်နိုင်ငံက ငွေကြေးကို နည်းနည်းလောက် ဖြစ်ဖြစ် လဲယူသွားသင့်ပါတယ်။
  • နောက်ဆုံးအချက်ကတော့ ခရီးစဉ်မတိုင်ခင်ရော၊ ခရီးစဉ် တလျှောက်လုံးပါ ကျန်းမာရေးကို ဂရုစိုက်ဖို့ပါ။ ရေများများသောက်၊ အစားကိုလည်း အားဖြစ်အောင် ဝင်အောင်စားပြီး Multivitamin အားဆေးတွေကိုလည်း သောက်ထားသင့်ပါတယ်။ လိုအပ်နိုင်တဲ့ ဆေးဝါးလေးတွေကိုလည်း ဆောင်သွားသင့်ပါတယ်။ (ကျွန်မဆိုရင် Migraine ဖြစ်တတ်တော့ ခေါင်းကိုက်ပျောက်ဆေးက အမြဲ မပါမဖြစ်ပါ)။ ဆေးခန်းတွေ ဆရာဝန်တွေ ရှိပေမယ့် တော်ရုံတန်ရုံ ဝေဒနာကိုတော့ ကိုယ့်အခန်းထဲမှာပဲ ကိုယ့်ဆေးကိုယ့်ဝါးလေးနဲ့ ပျောက်သွားရင် ပိုအဆင်ပြေတယ်လို့ ထင်မိလို့ပါ။
ကျွန်မ ဝေမျှချင်တာလေးတွေကတော့ ဒီလောက်ပါပဲ။ အောက်က ဓာတ်ပုံကတော့ အပြန် လေယာဉ်ကွင်းထဲက စာအုပ်ဆိုင်ရဲ့ “Asian Interest” Section အောက်က New Arrival စင်ပေါ်မှာ မြန်မာပြည်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီးတွေ့ရလို့ အမှတ်တရ ရိုက်ယူလာတာပါ။


Asian Interest - New Arrival

Blog ကနေ အကြာကြီးပျောက်နေတဲ့ အချိန်တွေမှာတောင် အမြဲသတိတရရှိပြီး စာဆက်ရေးဖို့ အားပေးခဲ့ကြတဲ့ မောင်နှမတွေရော၊ စာမရေးတချက် ရေးတချက် ကျွန်မကို ခွင့်လွှတ်နားလည်ပြီး ဒီပို့စ်လေး လာဖတ်ပေးကြသူ အားလုံးပါ Khop Khun Kha ပါနော်း)

(ဆက်ဖတ်ချင်ရင်...း)

Thursday, October 27, 2011

ပခုက္ကူရေဘေးအတွက် ကူညီပေးလိုပါလျှင်

ရေးချင်စိတ်တွေ အားကြီးနေပေမယ့် အကြောင်းကြောင်းတွေကြောင့် Blog နဲ့ အဆက်ပြတ်သွားပြန်တာ တော်တော့ကို ကြာခဲ့ပါပြီ။ အဲလို ဖြစ်ရတဲ့ အကြောင်းကိုလည်း ပို့စ်သပ်သပ် ရေးပါဦးမယ်း)

အခုတော့ အမိမြန်မာနိုင်ငံရဲ့ ပခုက္ကူမှာ ရေဘေးဒဏ် ခံခဲ့ရသူတွေအတွက် လှူဒါန်းချင်ရက်နဲ့ လက်လှမ်းမမီ ဖြစ်နေတဲ့သူများ ရှိခဲ့ရင် လှူနိုင်အောင် ကျွန်မသိတဲ့ သတင်းလေး တဆင့်ပြန်ပေးချင်ပါတယ်ရှင်။ အလှူအထမြောက်အောင် စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးနေသူ ညီမငယ်တစ်ယောက်ဆီက ရောက်လာတဲ့ Email လေးကို အောက်မှာ ပြန်ဝေမျှလိုက်ပါတယ်ရှင်။

ရန်ကုန်က သူငယ်ချင်းတွေက အဝတ်အထည်၊ စောင်၊ ဒန်အိုး ဒန်ခွက်၊ ဆေး စတာတွေကို ဝယ်လို့တမျိုး အဟောင်းစုလို့တဖုံ နည်းမျိုးစုံနဲ့လိုရာ လှုဒါန်းဖို့ အစီအစဉ်ရှိပါတယ်။ ဒီလ ၂၇ရက်နေ့ကို တသုတ်ထွက်ပါမယ်။ ပခုက္ကူမှာ တံတားကျိုးတယ်၊ မြစ်လက်တက်က ရေစီးသန်လွန်းလို့ ၂ထပ် ဘုန်းကြီးကျောင်းတောင် အလုံးလိုက် ရေထဲမျောတယ် ပြောပါတယ်။ လူ၂၀၀ကျော် သေတယ်လို့ သတင်းထွက်တယ်ဆိုတော့ အပျက်အစီး အသေအပျောက်များတာ သေချာပါတယ်။ ရခိုင်အရေး ဘယ်လိုရှိမယ် မသိသေးပေမဲ့ ပခုက္ကူအရေး လက်တလော ဖြစ်နေလို့ ပခုက္ကူလိုက်ပါတယ်။

တကယ်လိုအပ်တဲ့သူတွေဆီကို ထိရောက်တဲ့ ကူညီမှုလုပ်အားပေးနိုင်မဲ့ သူတွေလည်းရှိတုန်း တတပ်တအား ပါဝင်နိုင်ကြစေဖို့ သတင်းပေးတာပါ။ ကိုယ့်အဆက်အသွယ်နဲ့ကိုယ် လှူပြီးကြတဲ့သူတွေလည်း ရှိမှာပါ။ မလှူရသေးဘူး၊ လှူဖို့လည်း အာရုံရတယ်ဆိုရင် ပါဝင်လှုဒါန်းနိုင်ကြပါတယ်လို့ နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုက်ရပါတယ်ရှင့်။

အောက်ပါ အဆက်အသွယ်များတွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မသဲသဲ - 8139 3066
ကိုညီညီမြင့်ထွန်း - 8201 8276
ကိုအောင်ဝင်းမြတ် – 9002 9114
မမေချယ်ရီအောင် - 9028 8206
ကိုရန်နောင်စိုး - 9060 6704

ဘယ်ကိုပဲလှုလှု ဘယ်သူကပဲ ကမကထ လုပ်လုပ် ဒုက္ခသည်တွေလက်ထဲ လိုတာရောက်ဖို့ လိုရင်းမလို့ ဘယ်အဖွဲ့အစည်း ဘယ်နာမည်မှ မတပ်ပါဘူး။ လွတ်လပ်စွာ ပါဝင်နိုင်ပါတယ်။
အထက်ပါ စာလေးနဲ့ လှူဒါန်းကူညီဖို့ နှိုးဆော်လာတဲ့ စေတနာ့ဝန်ထမ်း ညီအစ်ကို မောင်နှမတွေရဲ့ စိတ်ဓာတ်နဲ့ အားထုတ်မှုက တကယ်ကို လေးစားစရာပါ။ ကျွန်မအနေနဲ့ လှူချင်တဲ့သူတွေ လှူနိုင်ဖို့ နှိုးဆော်ပေးရုံသက်သက် ဖြစ်တာကြောင့် လှူဒါန်းလိုစိတ်ဖြစ်ခဲ့ရင် အထက်မှာ ဖော်ပြထားတဲ့ စေတနာ့ဝန်ထမ်း ညီအစ်ကို မောင်နှမတွေကိုပဲ တိုက်ရိုက်ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်ရှင်။

အလှူငွေတွေကို အောက်တိုဘာလ ၂၉ ရက် ၂၀၁၁ နောက်ဆုံးထားပြီး လက်ခံမယ်လို့ သိရပါတယ်း)

အားလုံး ငြိမ်းချမ်းကြပါစေ...

လေးစားလျက်
ရွှေပြည်သူ

(ဆက်ဖတ်ချင်ရင်...း)

Sunday, September 11, 2011

ကြည့်လိုက်ရတဲ့ “ဒေါ်ဆွေဇင်ထိုက် နှင့် အင်တာဗျူး”

မြန်မာရုပ်ရှင်သရုပ်ဆောင်တွေထဲမှာ ကျွန်မ စိတ်အဝင်စားဆုံး အလေးစားမိဆုံး သရုပ်ဆောင်ကို ပြောပါဆိုရင် မင်းသမီးကြီးဟောင်း အန်တီဂရေ့စ် (ခ) ဒေါ်ဆွေဇင်ထိုက် လို့ ပြောရမှာပါပဲ။ ရုပ်ရှင်မင်းသမီးဘဝကို တခန်းရပ်ပြီးတဲ့နောက် ပညာတွေ အထပ်ထပ် ဆက်သင်ခဲ့သလို သင်ထားတဲ့ ပညာတွေနဲ့ လူမှုရေးလုပ်ငန်းတွေကို ထက်ထက်မြက်မြက် အားသွန်ခွန်စိုက် လုပ်နေလို့ပါပဲ။ အဲဒါကြောင့် သူနဲ့ အင်တာဗျူးတွေဆိုရင် အမြဲမက်မက်မောမော ဖတ်ဖြစ်ပါတယ်။

စောစောလေးကတင် သူငယ်ချင်းတစ်ယောက် Share လုပ်လာလို့ သူနဲ့ လောလောလတ်လတ် (ဒီလ ၆ ရက်နေ့မှာပဲ လုပ်ထားပုံရတဲ့) အင်တာဗျူးတစ်ခုကို ကြည့်ခွင့်ရလိုက်တော့ အားလုံးကို ပြန်ဝေမျှချင်လာပါတယ်။ ဒေါ်ဆွေဇင်ထိုက်ဟာ အမေရိကန်နိုင်ငံကို မေရီလန်း ပြည်နယ် Montgomery College မှာ Digital Communications Management and Social Media Marketing Course ကို လေ့လာဖို့ ခေတ္တရောက်နေတယ်လို့ သိရပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကောင်းကျိုးအတွက် အသစ်အသစ် ထွက်ပေါ်လာတဲ့ ပညာတွေကို မပြတ်လေ့လာသင်ကြားနေတဲ့ ဒေါ်ဆွေဇင်ထိုက်ရဲ့ Positive အမြင်နဲ့ အင်မတန် ပညာတတ်ဆန်သော အဖြေတွေကို နားထောင်ရတာ ကျွန်မအတွက် စိတ်အင်အားတစ်မျိုး ဖြစ်စေသလို သူပြောသွားတဲ့ အကြောင်းအရာကလည်း အခုတလော ဖတ်ဖြစ်နေတဲ့ Article တချို့နဲ့ ဆက်စပ်နေတာကြောင့် ဒီအင်တာဗျူးကို ကြည့်ခွင့်ရတာ တကယ်ကို ဝမ်းသာမိပါတယ်။ အောက်က YouTube Video ထဲမှာ ကြည့်နိုင်ပါတယ် နော်း)



ဒီ Video ရဲ့ Link ကို ဝေမျှပေးခဲ့တဲ့ ချစ်သူငယ်ချင်း MK ကို ကျေးဇူးအများကြီးတင်ပါတယ်း)

(ဆက်ဖတ်ချင်ရင်...း)

Tuesday, August 30, 2011

Blog Day 2011 အတွက်...



ပထမဆုံး အစ္စရေးနိုင်ငံသား Nir Ofir ကို ကျေးဇူးတင်မိပါတယ်။ ဘလော့ဂါတွေ အားလုံး တစ်ယောက်နဲ့တစ်ယောက် နှုတ်ခွန်းဆက်ပြီး ချစ်ခင်ရင်းနှီးမှုပြခွင့်ရတဲ့ ပို့စ်တွေရေးဖြစ်အောင် Blog Day ကို စတင်ခဲ့လို့ပါ။ Blog Day ရဲ့ Website မှာ ပြောပြထားတာက နှစ်တိုင်းရဲ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ဘလော့ဂါတွေအားလုံး (ဖြစ်နိုင်ရင် ကိုယ်နဲ့ ယဉ်ကျေးမှု၊ အမြင်နဲ့ စိတ်သဘောထားခြင်း ကွဲပြားတဲ့) ဘလော့အသစ် (၅)ခုအကြောင်း ဖော်ပြပြီး မိတ်ဆက်ပေးဖို့ပါ။ ရည်ရွယ်ချက်ကတော့ ဘလော့ဂါတွေ အရင်က မသိသေးတဲ့ Blog အသစ်တွေနဲ့ အချင်းချင်း လည်ပတ်ဖတ်ရှုရင်း ဒီနေ့ကို Celebrate လုပ်ဖို့လို့ နားလည်မိပါတယ်။

ဘလော့အသစ်ဆိုတဲ့ စကားလုံးကိုမြင်တော့ ကျွန်မဘလော့လေးရဲ့ အသစ်ဘဝ အချိန်တွေကို ပြန်လွမ်းသွားမိပါတယ်။ ဘလော့ဂါတစ်ယောက်ရဲ့ ရေးသက်တလျှောက်မှာ ဘယ်အချိန်ကို အပျော်ဆုံးလဲလို့ မေးလာရင် ဘလော့စရေးခါစ ကာလတွေကို အပျော်ဆုံးလို့ ရိုးသားစွာ ဖြေမိမှာပါပဲ။ ကိုယ့်ကိုချစ်ခင်စိတ်နဲ့ စာလာဖတ်ပြီး အားပေးခဲ့တဲ့ သူငယ်ချင်းတွေရယ်၊ အဖြူသက်သက် စိတ်ရင်းနဲ့ ဖေးမ အားပေးတတ်တဲ့ ဘလော့ဂါမောင်နှမတွေရယ်နဲ့ ဘလော့လေး စအသက်ဝင်လာခဲ့တဲ့ အချိန်ဟာ ကိုယ့်ဝါသနာလေး ရှင်သန်ဖို့ ကမ္ဘာသစ်တစ်ခု ရှာတွေ့သလို ဖြစ်ခဲ့လို့ပါ။ (ဘလော့ဂါဘဝအစနဲ့ ဖြတ်သန်းမှု အမှတ်တရလေးတွေကိုတော့ ပို့စ် (၁၀၀) ပြည့်တုန်းက ရေးခဲ့တဲ့ “ရာပြည့်ကျေးဇူးတင်လွှာ”မှာ တော်တော်လေး ပြည့်ပြည့်စုံစုံ ရေးခဲ့ပြီးသား မို့ ဒီပို့စ်မှာ အသေးစိတ် ထပ်မရေးတော့ပါဘူးနော်။)

ဒီလိုဆိုတော့ ကျန်တဲ့အချိန်တွေ မပျော်ခဲ့ဘူးလားလို့ဆိုတော့လည်း မပျော်ဘဲနေပါ့မလားနော်။ ပျော်တာပါပဲး) ဒါပေမယ့် ဘလော့ရေးသက် ၃ နှစ်နဲ့ ၁၀ လ သာသာလောက်မှာ ကြုံခဲ့ရသမျှက ပျော်စရာတွေချည်းလို့ ဆိုရင် ကျွန်မ ညာရာရောက်မှာပါး) ကိုယ့်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်တဲ့ ဖန်တီးမှုတချို့ကို သူများ လုယူသွားတာတွေ ကြုံရပြီးတဲ့အခါ၊ ကိုယ့်ကို ချစ်ခင်သူတွေရဲ့ မေတ္တာကြောင့် အားတွေ ဖြစ်ရပေမယ့် မချစ်ခင် မနှစ်သက်သူတွေရဲ့ နာကျင်စေလိုမှုတွေကြောင့် ယိုင်နဲ့ချင်လာတဲ့အချိန်တွေလည်း ရှိပြီးတဲ့အခါ… ပျော်ရတဲ့အပျော်က ဓားရှထားရင်းကနေ ပျော်ရသလိုမျိုးလေး ဖြစ်သွားတာပါပဲ။ ပျော်လည်းပျော် နာလည်းနာပေါ့း) ဘာပဲဖြစ်ဖြစ် ဓားရှရာတွေကလည်း ကာလတစ်ခုကြာရင် ပျောက်သွားပါလိမ့်မယ်။ ထိရာရှာရာအသစ်တွေလည်း ထပ်ထပ်ဖြစ်နေဦးမှာပါပဲ (လူ့ဘဝကိုး…နော်)။ ဒါပေမယ့် ကျွန်မကတော့ အားပေးသူတချို့ ရှိနေသရွေ့ ကျွန်မရေးတတ်သလောက်လေးနဲ့ စာတွေ ဆက်ရေးဖြစ်နေဦးမှာပါပဲ။

ကျွန်မအရင်ကလည်း မကြာမကြာ ပြောခဲ့ဖူးတယ် ထင်ပါတယ်။ ဒီဘလော့လေးက စာလာဖတ်သူတွေရဲ့ အားပေးမှုကြောင့်သာ (ကျွန်မ ဘဝအမောထဲမှာ ဘယ်လောက်နစ်သွားသွား) ဒီအချိန်ထိ ဆက်ရှင်သန်နေတာပါ။ အဲဒီအတွက် အသံတိတ်ဖြစ်စေ၊ ကောမန့်ချန်ပြီး အားပေးလို့ဖြစ်စေ စာလာဖတ်ပေးကြသူ အားလုံး၊ ဘလော့ဂါမောင်နှမတွေ အားလုံး၊ ကျွန်မစာစရေးချိန်ကတည်းက စိတ်ခွန်အားပေးခဲ့ကြတဲ့ သူငယ်ချင်းတွေ အားလုံး ကို ကျေးဇူးတင်ကြောင်း ဒီကနေ အမှတ်တရ ထပ်ပြီးပြောချင်ပါတယ်။ တဆက်ထဲ ထပ်ပြီး ကျေးဇူးတင်ချင်တာက ကျွန်မဘလော့ကနေ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတဲ့ ခုလိုအချိန်မှာတောင် ကျွန်မကို သတိတရရှိပြီး သူတို့ရဲ့ Blog Day ပို့စ်ထဲမှာ ထည့်ရေးပေးခဲ့ကြတဲ့ ကိုအောင် (ပျူနိုင်ငံ) (ဒီပို့စ်လေး ရေးဖြစ်အောင် Tag လို့ ကျေးဇူးအထူးပါ အစ်ကိုရေ)၊ မမအိမ့် (မအိမ့်ချမ်းမြေ့) (ဘလော့စရေးဖြစ်ဖို့ Inspriration ပေးခဲ့တဲ့ အစ်မက သတိတရ ထည့်ရေးတော့ အရမ်းဝမ်းသာရပါတယ်)၊ ညီမလေး Angelhlaing (သတိတရရှိလို့ ကျေးဇူးပါ ညီမလေးရေး)၊ ကိုလင်းခေတ် (လင်းခေတ်ဒီနို) (ပျောက်နေသူကို သတိတရရှိလို့ ကျေးဇူးပါ မောင်လေးရေ)၊ ချော (အစိမ်းရောင်လွင်ပြင်) (ပို့စ်ဟောင်းလေးရဲ့ Link ကိုပါ တွေ့အောင်ရှာပြီး ဖော်ပြပေးထားလို့ အားထုတ်မှုအတွက် ကျေးဇူးအထူးပါ ချောရေ)၊ ကို sosegado ... တို့ကိုပါ။

Blog Day အတွက် မိတ်ဆက်ပေးဖို့ စဉ်းစားကြည့်တော့ Blog နဲ့ အဆက်ပြတ်နေတဲ့ ကျွန်မအတွက် ကောင်းလဲကောင်း သစ်လဲသစ်တဲ့ Blog ဆိုလို့ (၅)ခု မပြည့်ဘဲ (၃) ခုထဲ စိတ်ထဲမှာ ရှိပါတယ်။ Blog Day အတွက် ကျွန်မ မိတ်ဆက်ပေးချင်တဲ့ Blog လေးတွေကတော့…

Purple Vine (ညီမလေး ခရမ်းနွယ်) ~ လွတ်လပ်ချောမွေ့တဲ့ ရေးဟန်လေးက စာရေးသူလေးရဲ့ ဖြူစင်ပေါ့ပါးတဲ့ စိတ်ရင်းကို လှမ်းမြင်ရလို့ ချစ်ခင်စိတ်နဲ့ ဖတ်ဖြစ်တဲ့ ဘလော့လေးပါ။ ကဗျာတွေ၊ ဝတ္ထုတိုတွေ၊ နေ့စဉ်ဘဝရဲ့ အတွေးတွေကို ဖတ်ရမှာပါ…

April ရဲ့ ဒိုင်ယာရီ ~ ညက်ညောတဲ့ ရေးဟန်နဲ့ ဖွဲ့ထားတဲ့ ကဗျာနဲ့ ဝတ္ထုတိုလေးတွေ ကို ဖတ်ရမှာပါ…

သြချိ ရဲ့ စိတ်ကူးသစ် ~ Wordpress User လေး ဖြစ်ပြီး Technology ပိုင်းတွေပါ ဝေမျှတတ်တဲ့ ရှားရှားပါးပါး မိန်းကလေး Blogger လေးပါ…။ သူ့ ဘလော့ရဲ့ ရည်ရွယ်ချက်ကိုလည်း သိပ်သဘောကျရပါတယ်။

တခါတလေ Gtalk မှာ ဘလော့စရေးဖို့ စိတ်ကူးနေတဲ့ မောင်ငယ်ညီမငယ်လေးတွေနဲ့ စကားပြောဖြစ်တဲ့အခါ သူတို့ မကြာခဏမေးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ဘလော့ဆောက်ပြီးရင် ဘာရေးရမလဲ ဆိုတာပါ။ ကျွန်မ နားလည်သလောက်လေးနဲ့ ပြန်ဖြေလေ့ ရှိတဲ့ အဖြေကို ဘလော့စရေးမယ့် မောင်ငယ်ညီမငယ်တွေအတွက် ဒီကထပ်ပြီး ဝေမျှချင်ပါတယ်။ သူတို့ကို ကျွန်မရိုးရိုးရှင်းရှင်း ပြန်ဖြေဖြစ်တာက… ကိုယ့်ရင်ထဲမှာ ရှိသမျှ ကြုံတွေ့ရသမျှ ဘာမဆို ရေးနိုင်ပါတယ်လို့။ သူများတွေရဲ့ ပို့စ်ကို နှစ်သက်လို့ ကူးယူပြီး တင်တဲ့အခါ (Credit ပေးသည့်တိုင်အောင်) ကိုယ်တိုင်ရေး မဟုတ်တာကြောင့် ဘလော့ရေးရခြင်းရဲ့ တကယ့်ခံစားချက်ကို Enjoy လုပ်နိုင်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်ချင်းစီဟာ Unique ဖြစ်ပြီးသားဖြစ်သလို တစ်ဦးချင်းစီ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ ရှိနေတဲ့ ဗဟုသုတတွေ၊ အမြင်တွေဟာလည်း Unique ဖြစ်နေတာမို့ ဒါတွေဟာ မကုန်မခမ်းနိုင်တဲ့ ချရေးစရာတွေချည်းပါပဲလို့ ဖြေမိပါတယ်။ ကျွန်မကို မောင်ငယ်တစ်ယောက်လို ချစ်ခင်ရတဲ့ Aung Aung Sunday တစ်ခါက ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခု ရှိပါတယ်။ “Be Yourself အစ်မ” တဲ့။ ကျွန်မကလည်း မောင်လေးစကားကို ခဏငှားပြီး ဘလော့စရေးမယ်လို့ စိတ်ကူးနေတဲ့ မောင်ငယ် ညီမငယ်တွေကို စကားလက်ဆောင် ပါးချင်တာက “Be Yourself. And… Be Strong” ပါလို့း)

နောက်တစ်ခု အလေးအနက် ပြောချင်တာက Blogger ဆိုတာ Blog Reader တွေ မရှိဘဲ မတည်ရှိနိုင်တာကြောင့် ဒီ Blog Day ဟာ ဘလော့ဖတ်သူတွေနဲ့လည်း အသေအချာကို သက်ဆိုင်ပါတယ်။ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ စာဖတ်တဲ့နှုန်းက စာအုပ်ထဲကစာကို ဖတ်တဲ့နှုန်းထက် ၂၅% ပိုနှေးတယ်လို့ ဖတ်ရဖူးပါတယ်။ ဒါကြောင့် ကွန်ပျူတာမျက်နှာပြင်ပေါ်မှာပဲ ရှိတဲ့ Blog တွေပေါ်က စာတွေကို ဖတ်ရတာ စာအုပ်ထဲကနေ ဖတ်ရတာလောက် သက်တောင့်သက်သာ မရှိသည့်တိုင်အောင် စာတွေဖတ်ရင်း အားပေးကြနေတဲ့ ဘလော့ဖတ်သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ထပ်ပြောချင်ပါသေးတယ်း)

မနက်ဖြန် သြဂုတ်လ ၃၁ ရက်နေ့မှာ ကျရောက်မယ့် Blog Day မှာ အားလုံး စာတွေ ငြိမ်းငြိမ်းချမ်းချမ်း ဖတ်ဖြစ်ကြပါစေရှင်…း)

(ဆက်ဖတ်ချင်ရင်...း)

Sunday, August 28, 2011

ကြာသပတေး ညနေ

“ငါ… ငါ စာကြည့်တိုက် သွားစရာ ရှိသေးတယ် နင်တို့ ပြန်နှင့်နော်”

ရိုးရှင်းတဲ့ ဒီစကားလေးကိုပဲ သူမ မလုံမလဲ ပြောမိတော့ ခင်သက်နဲ့ နော်နော်တို့က နားမလည်သလို ကြည့်သည်။

“စာကြည့်တိုက်? ဘာလုပ်ဦးမလို့လဲဟ။ ဒီနေ့က နင်ကျောင်းမှာရှိတဲ့ နောက်ဆုံးနေ့လေ။ အတူတူပြန်ချင်တယ်ဟာ…”
“ငါ စာအုပ် ပြန်အပ်စရာ ရှိလို့ပါ။ နင်တို့ ညကျရင် အိမ်လာဦးမှာ မဟုတ်လား။ အဲဒီအခါကျ တွေ့မယ်လေဟယ် နော်”

ခင်သက်နဲ့ နော်နော်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ပြုံးယောင်ယောင်နဲ့ ကြည့်ပြီး…

“နင်ခုတလော တခုခုကို ဖုံးကွယ်ထားသလိုပဲ။ ဒါဆိုလည်း ငါတို့ သွားနှင့်မယ်။ ညကျမှ မရရအောင် စစ်မယ်”


သူမ နော်နော့်စကားကို မကြားတချက် ကြားတချက်။ ယောင်ယမ်းပြီး ခေါင်းငြိမ့်ပြတော့ သူတို့ရယ်ပြီး ထွက်သွားကြသည်။ သူတို့ ကျောခိုင်းလိုက်တာနဲ့ သူမ ခြေလှမ်းတွေကို စာကြည့်တိုက်ဆီ ဦးတည်ရင်း ခေါင်းထဲမှာလည်း အတွေးတွေ လုံးချာလည်စ ပြုလာသည်။ သူငယ်ချင်းတွေကို မညာစဖူး ညာလိုက်မိပြီလား။ သူမ ရွေးချယ်စရာ မရှိတော့ပါ။ သူ့ကို တွေ့ဖို့က ဒီနောက်ဆုံး အခွင့်အရေးလေး တစ်ခုပဲ ရှိတော့သည်လေ။ နောက်ဆုံး… ဟုတ်သည်။ ဘဝမှာ နောက်ဆုံးအကြိမ်လည်း ဖြစ်နိုင်သည်။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ စာကြည့်တိုက်ထဲမှာ သူ့ကို ခက်ခက်ခဲခဲ ရှာစရာ မလိုပါ။ ထိုင်နေကျ နေရာလေးမှာပဲ ကျောပိုးအိတ်ကလေး ဘေးမှာ ချရင်း ထိုင်နေသည်။ မျက်ခုံးထူတန်းတန်းလေးနှစ်ခုကို တင်းနေအောင်ကျုံ့ပြီး စာအုပ်တစ်အုပ်ကို သည်းကြီးမဲကြီး ဖတ်နေသည်။

သူမ သက်မကို ချရင်း သူ့မျက်နှာကို စာအုပ်စင်တွေကြားထဲကနေ လှမ်းမြင်ရတဲ့ ထိုင်နေကျ နေရာလေးမှာ ထိုင်ချလိုက်မိသည်။ အခုန်ကြီးခုန်လှုပ်နေတဲ့ ရင်ကို ပိုက်ထားတဲ့ ကျောပိုးအိတ်လေးနဲ့ တင်းတင်း ဖိထားရင်း သူ့ကို ခိုးကြည့်မိပြန်သည်။ တကယ်တမ်းတော့ သူမ ဒီလိုလုပ်နေမိတာ ရက်သတ္တပါတ်ပေါင်း မနည်းတော့ပါ။

ကောင်မလေးတွေ သိပ်စိတ်ဝင်စားတာ ခံရတဲ့ သူ့ကို အတန်းထဲမှာတော့ သူမယောင်လို့တောင် မကြည့်မိအောင် ထိန်းချုပ်မိစမြဲ။ တကယ်တော့ သူမ အရှက်သည်းနေမိတာသာ ဖြစ်သည်။ အတန်းထဲက မီမီကို့ သူငယ်ချင်း Mexican မလေးတစ်ယောက် ကျောင်းကို လာလည်တုန်းကတောင် သူ့ကိုကြည့်ပြီး “He’s so hot” လို့ ပြောသွားတာ ကြားရဖူးကတည်းက သူမကိုယ်သူမ ပိုသိမ်ငယ်တတ်လာသည်။ တကယ့် အချောအလှလေးတွေ စိတ်ဝင်စားတာ ခံရတဲ့သူက သူမနဲ့ တကမ္ဘာစီခြားနေသလိုသာ မြင်လာမိသည်။ သူကလည်း မီမီကိုတို့ ချောငယ်တို့နဲ့ဆို ပြုံးရယ် ရွှင်မြူးနေတတ်သလောက် သူမကိုတော့ ရှိတယ်လို့တောင် ထင်ပုံမရ။ တခါပဲ လမ်းမှာ မျက်နှာချင်းဆိုင် လျှောက်လာတုန်း မပြုံးမရယ်နဲ့ ခပ်တည်တည် သေချာကြည့်သွားဖူးသည်။ သူမမှာတော့ သိမ်ငယ်စိတ် ရင်ခုန်တုန်လှုပ်စိတ်တွေနဲ့ တညလုံး အိပ်လို့တောင် မပျော်ခဲ့။

ကြာသပတေး ညနေတစ်ခုမှာ သူ့ကို စာကြည့်တိုက်မှာ စတွေ့ရာက ကြာသပတေးနေ့တိုင်း အဲဒီနေရာလေးမှာ သူ စာလာဖတ်နေကျဆိုတာ သူမ သိသွားခဲ့သည်။ အဲဒီနေ့ကစလို့ ကြာသပတေးနေ့တိုင်း စာကြည့်တိုက်ကို သူမ ရောက်ဖြစ်ခဲ့သည်။ သူ အလွယ်တကူ မမြင်ရတဲ့ စာအုပ်စင်တွေနောက်က နေရာလွတ်လေး တစ်ခုကနေ ထိုင်ငေးမိစမြဲ။ သူမရဲ့ တဖက်သတ် စွဲလမ်းမှုကို သိမ်ငယ်ရှက်ရွံ့မိစမြဲ။ ဘယ်လောက်ပဲ ထိန်းချုပ်ပေမယ့် ကြာသပတေးနေ့တိုင်း အဲဒီနေရာလေးကို သူမ ရောက်လာမိစမြဲ။
တစ်ခုသော ကြာသပတေးညနေမှာတော့ သူ သူမကို မြင်သွားခဲ့သည်။ သူမ ပြာပြာသလဲ စာအုပ်ဖတ်ချင်ယောင် ဆောင်လိုက်ရသည်။ သူက ဘာမှ မဖြစ်သလို စာအုပ်ကို ဆက်ဖတ်နေသည်။ အဲဒီနောက် ကြာသပတေးနေ့တိုင်း သူ သူမရောက်လာတိုင်း တချက် လှမ်းကြည့်ပြီး စာဆက်ဖတ်နေတတ်သည်။

ပြီးခဲ့တဲ့ ကြာသပတေးတုန်းကတော့ ထိုင်နေကျ နေရာမှာ သူမရှိတော့ ဟိုဟိုဒီဒီ လိုက်ရှာနေတဲ့ သူမအဖြစ်ကို စာအုပ်ထရှာနေတဲ့ သူမြင်သွားသည်။ သူ့ကို လိုက်ရှာနေမှန်း သူ သိမသိ မသေချာပေမယ့် သူမရှက်ရွံ့စွာနဲ့ အိမ်ကို ပြန်ပြေးလာမိသည်။ သူမ အဖြစ်တွေကို အခင်ဆုံး ဖြစ်တဲ့ ခင်သက်နဲ့ နော်နော်တို့ကိုတောင် ပြောမပြဖြစ်ခဲ့။

ဖေဖေတာဝန်ကျတဲ့ မြို့ကြီးတစ်ခုကို တမိသားစုလုံး ပြောင်းပြီး အဲဒီမြို့က တက္ကသိုလ်ကို ပြောင်းတက်ရတော့မဲ့ အကြောင်း သိလိုက်ရချိန်မှာ ကြာသပတေးညနေတွေကို သူမ ဘယ်လောက် စွဲလမ်းနေမိလဲဆိုတာ ဘာသာ သိလိုက်ရသည်။ သူမမှာ ရွေးချယ်စရာ လမ်းမရှိခဲ့။ နောက်ဆုံး ကြာသပတေးညနေလေးကိုပဲ ရှက်နေတဲ့ကြားက မပျက်မကွက် သွားဖို့ ဆုံးဖြတ်ခဲ့မိသည်။ သူမ တကယ်လည်း ရောက်ခဲ့ပါသည်။

အတွေးမဆုံးခင် မျက်လုံးမှာ ဝေ့သီလာတဲ့ မျက်ရည်တွေကို ခပ်ဖွဖွသုတ်ရင်း သူရှိရာ လှမ်းကြည့်လိုက်တော့ သူမ တကိုယ်လုံး အေးစက်သွားသည်။ နံရံကို မီထိုင်နေတဲ့ သူ့မျက်လုံးတွေက သူမဆီမှာ စူးစူးစိုက်စိုက်။ သူမ ကျောပိုးအိတ်လေးကို ယောင်ယမ်းဆုပ်ပြီး မျက်လွှာချလိုက်မိသည်။ နောက် အိတ်ထဲက စာအုပ်တချို့ကို ထုပ်သလိုလို ထည့်သလိုလိုနဲ့ အလုပ်ရှုပ်ချင်ယောင် ဆောင်မိပြန်သည်။ နောက် သူမကြည့်နေဦးမှာလားဆိုတဲ့ စိတ်နဲ့ မသိမသာ ခိုးကြည့်မိပြန်တော့ သူမရင်တွေ ဟင်းလင်ပြင်ဖြစ်သွားသည်။ သူ… မရှိတော့။

သူမရဲ့ ကြာသပတေးညနေတွေ တကယ်ကို အဆုံးသတ်သွားခဲ့ပြီပဲ။ အင်အားမဲ့နေတဲ့ လက်တစ်ဖက်နဲ့ ကြမ်းပြင်ကော်ဇောကို အားယူထောက်ရင်း ထဖို့ ဟန်အပြင် ဘေးမှာ ရုတ်တရက် ထိုင်ချလိုက်တဲ့ အရိပ်တစ်ခုကြောင့် ထိတ်ကနဲ လှည့်ကြည့်မိတော့… သူ။ သူမနဲ့ ၂ပေလောက်သာ ကွာတော့သည်။

သူမ မယုံနိုင်စွာ ငေးကြည့်မိတော့ သူ သူမကို မကြည့်ဘဲ ရှေ့တည့်တည့်ကိုသာ ကြည့်ရင်းပြောသည်။

“xxxxx ကို ပြောင်းတော့မလို့ဆို။ မီမီကို ပြောတာ ကြားလို့…”
“အင်း… ဟုတ်တယ်”

သူမ အိပ်မက်ထဲမှာ ရောက်နေသလို ခံစားချက်နဲ့ ပြန်ပြောမိသည်။ သူ အတန်ကြာ တိတ်သွားပြန်သည်။ သူမကတော့ သူ ရှိနေခြင်းသက်သက်ကို ကျေနပ်စိတ်နဲ့ ရင်ထဲမှာ ခံစားချက် မျိုးစုံ ဖြတ်ပြေးနေသည်။

ခဏကြာတော့ မထင်မှတ်စွာ သူမေးသည်။

“အဲဒီမြို့ကျရင် အခု Mobile နံပါတ်ပဲ သုံးမှာလား”
“ဟင်… သြော် အင်း… ဟုတ်တယ်။ ဒီနံပါတ်ပဲပေါ့” ပြောရင်း ဒါဟာ အိပ်မက်လို့သာ သူမ ထင်မိလာသည်။
“ကျွန်တော့ကို Missed Call ပေးပေးပါလား။ ကျွန်တော့နံပါတ်က xxxxxxxx” သူရွတ်သွားတဲ့ နံပါတ်တွေကို လှုပ်ခတ်လွန်းနေတဲ့ သူမစိတ်တွေက မဖမ်းလိုက်နိုင်။
“ဟင်… ဘာ… ဘာလဲဟင်”
“ခဏနော်…”
သူ သူမလက်ထဲက ဖုန်းကို ညင်သာစွာ (အနည်းငယ်လည်း ပိုင်စိုးပိုင်နင်းနိုင်စွာ) ဆွဲယူသွားသည်။ အို သူ့လက်တွေလည်း တုန်လို့ပါလား။ အရာရာက မယုံနိုင်စရာ။ သူက သူမဖုန်းနဲ့ သူ့ဖုန်းကို ခေါ်ပြီး Missed Call လုပ်လိုက်သည်။ သူမကို ဖုန်းပြန်ပေးရင်း…

“အတန်းတွေ အများကြီးတူတူတက်ပြီး အခုမှ စကားပြောဖြစ်တယ်နော်” သူမ ခေါင်းငြိမ့်ပြမိသည်။ စိတ်ထဲမှာတော့ တိမ်တွေပေါ်မှာ လမ်းလျှောက်နေရသလိုလို။ သူ ပြောနေတာကို ခဏရပ်ပြီးမှ ညင်ညင်သာသာပြုံးရင်း…

“ကျွန်တော်က ပြောချင်ပါတယ်။ ခင်ဗျားက အနေတည်လွန်းတော့” ပြောရင်း သူမ မျက်နှာကို အကဲခတ်သလို ငဲ့ကြည့်တော့ သူမ ရှက်ရွံ့စွာ ခေါင်းကို ငုံ့လိုက်မိသည်။ အို သူကပဲ သူမကို ရှက်ကြောက်နေသတဲ့လား…

သူမ ခေါင်းတော်တော်နဲ့ မော့မလာတော့ သူ နေရာက ဖြည်းဖြည်းထသည်။

“အနေရခက်နေပြီ ထင်တယ်။ ကျွန်တော် ပြန်တော့မယ်နော်”

သူမ အလန့်တကြား မော့ကြည့်တော့ သူက ကျောတောင် ခိုင်းနှင့်ပြီ။ သူ့ကျောပြင်ကို ငေးနေတုန်း သူ ဆက်ကနဲလှည့်ပြီး သူမနာမည်ကို ခပ်ဖွဖွ ခေါ်ရင်း…

“ကျွန်တော်… ကြာသပတေးနေ့ ညနေတိုင်း ဖုန်းဆက်ပါရစေနော်”

ပြောပြီးပြီးချင်း သူ လှည့်ထွက်သွားတော့ သူမ သူ့ကျောပြင်ကို မြင်ကွင်းက ပျောက်သည်အထိ ငေးကြည့်မိသည်။ သူမရဲ့ ခံစားတတ်တဲ့ နှလုံးသားတစ်စုံလုံး သူနဲ့အတူ ပါသွားသလိုပင်…

သူပျောက်ကွယ်သွားတော့ စောစောက အဖြစ်တွေကို သူမ မယုံနိုင်တော့။ သေချာအောင် သူမ ဖုန်းကို ခပ်မြန်မြန် ငုံ့ကြည့်မိတော့ သူ့နံပါတ်ကို ခေါ်ထားတဲ့ Call Record လေးက သူမကို နှစ်သိမ့်ပြုံးနဲ့ ပြန်ကြည့်နေသည်။

သူမ ဖုန်းလေးကို ရင်မှာကပ်ရင်း သွားညီညီလေးတွေ အစီအရီပေါ်အောင် ပြုံးလိုက်မိသည်။

အခုလိုပဲ လှတဲ့… ဒါမှမဟုတ် အခုထက်ပိုပြီး လှတဲ့ ကြာသပတေး ညနေပေါင်းများစွာကို ဆက်ပြီး ပိုင်ဆိုင်ရဦးမည်လို့ သူမယုံကြည်သွားပြီလေ…

ရွှေပြည်သူ
(11:04 PM ~ 28-Aug-2011)

သီကြိုးမဲ့ပုလဲသွယ်ကို အခုထိ ဇာတ်မသိမ်းနိုင်သေးတဲ့အတွက် သိမ်းဖို့ပြောနေတဲ့ စာဖတ်သူ မောင်နှမတွေအားလုံးကို တောင်းပန်ပါတယ်နော်း) ဆက်ရေးနိုင်ဖို့ တကယ်ကို ကြိုးစားနေပါတယ်။ အပေါ်က ဇာတ်လမ်းလေးကို Jessica Jarrell ရဲ့ Key To My Heart သီချင်းလေး နားထောင်ရင်း ရလာတဲ့အတွေးလေးနဲ့ ချရးခဲ့တာပါ...

(ဆက်ဖတ်ချင်ရင်...း)